သတင်းဆောင်းပါး - ထက်ဝေအောင်(စစ်ကိုင်း)
“မျက်ရည်ဖြိုင်လို့ ဘဝင်ညှိုး ဇူလိုင်တစ်ဆယ့်ကိုး”ဆိုတဲ့ကဗျာစာသားလေးက နုနယ်သော နှလုံးသားပိုင်ရှင်လူငယ်များအတွက် ပူဆွေးသောကရဲ့ ထိပ်စီးနိဒါန်း ဖြစ်ပါသည်။ အပြုရှိသလို၊ အဖျက်ရှိသည်ကို သတိပြုစေသော ဂဏန်းအက္ခရာတစ်ခုလည်း ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း ကဲ့သို့ အာဇာနည်ကြီးများ နိုင်ငံအတွက်အလုပ်လုပ်နေချိန်မှာပင် တစ်ဖက်မှလည်း လုပ်ကြံမှုအတွက် ကြိုတင်အကွက်ချစီစဉ်နေကြမည်သာ ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းကို ချစ်မြတ်နိုးသူပြည်သူ တစ်ရပ်လုံးမှာ တနုံ့နုံ့ခံစားကြေကွဲဝမ်းနည်းခဲ့ကြရသည်။အဖြူရောင်ကြယ်တစ်ပွင့် အချိန်မတန်မီ ကြွေလွင့်ခဲ့မှုသည် မသိမသာဖြစ်ရပ်တစ်ခုမဟုတ်ဘဲ လူထုတစ်ရပ်လုံး၏ နှလုံးသားထဲ ဂယက်ထ တုန်လှုပ်စေသော ရက်စွဲတစ်ခုဖြစ်ပါသည်။ ကျမျက်ရည် ဘယ်ညာသုတ်လျက် နေရာအနှံ့ ငိုကြွေးသံ အထပ်ထပ်၊ အံကြိတ်သံအထပ်ထပ်ဖြင့်အာဇာနည်ကြီးများအတွက် ပူဆွေးသောက၊ ဒေါသ ရောစွက်ချိန်လည်း ဖြစ်ပါသည်။
အတုယူစရာ
ကလေးဘဝအတွေးထဲမှာပင် ဗိုလ်ချုပ်အောင်ဆန်းကိုသမိုင်းထဲက သူရဲကောင်းတစ်ယောက်အဖြစ် သတ်မှတ်ခဲ့သည်။ ဥဩဆွဲသံကြားတိုင်း ရင်ထဲမချိစွာဝမ်းနည်းခဲ့ရသည်မှာ အခါခါပင် ဖြစ်သည်။ ယခုအချိန်အထိလည်း တုန်လှုပ်ချောက်ချားနေဆဲပင်။ ဗိုလ်ချုပ်အောင်ဆန်း ကြွေလွင့်မှုကို လက်မခံ နိုင်တဲ့ လူငယ်တစ်ယောက်ရဲ့နှလုံးသားထဲ ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရုံးရည်၊ နှလုံးရည် စိတ်နေစိတ်ထားများ ထာဝရရှင်သန်လျက်ရှိပေမည်။ ဗိုလ်ချုပ်၏ ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် သူမတူ အောင်စွမ်းဆောင်နိုင်မှုကို ဦးညွှတ်ပါသည်။ တိုင်းပြည်အတွက်ပြိုင်စံရှားစိတ်ဓာတ်ဖြင့် မခိုမကပ်၊ ဇွဲနပဲကြီးစွာ လုပ်ဆောင်ခဲ့မှုများမှာ လူငယ်များအတွက် အတုယူစရာ ဖြစ်ပါသည်။
တစ်မူထူးခြား
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် စနေနေ့ နံနက်ခင်းမှာ မိုးတဖြောက်ဖြောက်ဖြင့် ရန်ကုန်မြို့ကို အုပ်မိုးထားခဲ့သည်။ ရွှင်ပျအပြုံးနှင့်ပုံစံပြောင်းနေသည့် ဗိုလ်ချုပ်၊ တစ်မူထူးခြား ကာကီယူနီဖောင်း ဝတ်ဆင်မထားဘဲ ထူးထူးခြားခြား သနပ်ခါးရောင် ဗန်ကောက်လုံချည်၊ မန္တလေး ပိုးတိုက်ပုံ၊ သဲကြိုးအဖြူရောင်လေယာဉ်ပျံဖိနပ်တို့ဖြင့်ခန့်ညားသပ်ရပ်နေခဲ့ပေမည်။ အိမ်ကအထွက် ချစ်သမီး ငယ်ကို တယုတယနမ်းရှုပ်သွားခဲ့သေးတယ်တဲ့။ နှုတ်ဆက်မှုလေလား။ ဝေခွဲမရစွာကြေကွဲရပါသည်။ တာဝန်နှင့် အလုပ်ဟူသည် ဗိုလ်ချုပ်အတွက် အရေးပါသောနှလုံးခုန်သံပမာ ထပ်တူညီလွန်းလှသည်။
အစည်းအဝေးတက်ရောက်
အတွင်းဝန်ရုံး ထိပ်ဆုံးစားပွဲတွင် နေရာယူထားသည့်ဗိုလ်ချုပ်အောင်ဆန်းနှင့် အစည်းအဝေး တက်ရောက်မည့်ဝန်ကြီးများကို လူလေးယောက်က တော်မီဂန်း သုံးလက်၊ စတင်းဂန်း တစ်လက်ဖြင့် ကျည်ကတ်အကုန်ပစ်ခတ်ထွက်ပြေးသွားခဲ့ကြသည်။ ထိုကဲ့သို့ပစ်ခတ်လုပ်ကြံမှုကြီးတွင် လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း မှာ သေနတ်ကျည်ဆန် ၁၃ ချက် ထိမှန်ကျဆုံးခဲ့ရသည်။ ထိုအချိန်ကား စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ အစည်းအဝေး တက်ရောက်ခဲ့ကြသည့် သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်း၊ မိုင်းပွန် စော်ဘွားစဝ်စံထွန်း၊ မန်းဘခိုင်၊ ဦးရာဇတ်၊ အတွင်းဝန် ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေးတို မသမာသူလူတစ်စု၏လက်ချက်ဖြင့် ကျဆုံး ခဲ့ကြရသည်။
အာဇာနည်နေ့မှတ်တမ်း
လုပ်ကြံသူလူတစ်စုတွင် ဦးစောအပါအဝင် ၁၀ ဦး ရှိသည်ကို လေ့လာတွေ့ရှိရသည်။ လုပ်ကြံမှု နိဂုံးရလဒ်အဖြစ် အစိုးရသက်သေဘညွန့်မှလွဲ၍ အဓိကတရားခံဦးစော၊ မှုန်ကြီး၊ မောင်စိုးနှင့် သက်နှင်း တို့ကို အင်းစိန်ထောင်တွင်ကြိုးပေးခြင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့ကို ရန်ကုန်ထောင်တွင် ကြိုးပေးခြင်းနှင့် သုခ၊ ခင်မောင်ရင်နှင့် မောင်နီတို့ကို သေဒဏ်မှ တစ်သက်တစ်ကျွန်းပြစ်ဒဏ်သို့ ပြောင်းလဲကျခံခဲ့မှုများကိုလည်း အာဇာနည်နေ့မှတ်တမ်းတွင် ဖော်ပြထားရှိသည်။
ကိုယ်ကျိုးမဖက် နိုင်ငံအတွက်သာ
အာဇာနည်ယောက်ျား အမျိုးကောင်းသားဖြစ်ခွင့်မှာ လွယ်လင့်တကူအဖြစ်မျိုး မဟုတ်ပေ။ ဖြစ်တောင့် ဖြစ်ခဲကိစ္စလည်းဖြစ်ပါသည်။ အာဇာနည်ဘွဲ့နှင့် ထိုက်တန်သူမှာလည်း လွန်စွာရှားပါးလှသည်။ အများအကျိုးရှေးရှုသူ၊ ကိုယ်ကျင့်သီလဖြူစင်သူမှသာ အာဇာနည်ဖြစ်ထိုက်သည်။ နိုင်ငံနှင့်လူမျိုး အကျိုးစီးပွားအတွက် မိမိအသက်ကိုပင်စွန့်လွှတ်အဆုံးရှုံးခံနိုင်သူ ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုး သားခေါင်းဆောင်ကြီးများသည် အမျိုးကောင်းသား အာဇာနည်များဖြစ်ကြသည်။ မြန်မာ့ရေမြေ ပြည်သူအများ အသည်နှလုံးကြားမှ ပေါက်ဖွားခဲ့ရသည့် အာဇာနည်ဘွဲ့ပိုင်ရှင်များဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်းသည်အာဇာနည်ပီသသော၊ အာဇာနည်ဘွဲ့နှင့် ထိုက်တန်သော၊ တန်ဖိုးရှိသော လူသားတစ်ဦးဖြစ်ပြီး ကိုယ်ကျိုးမဖက်နိုင်ငံအတွက်သာ ကြည့်ခဲ့၊ အလုပ်လုပ်ခဲ့သူ ဖြစ်ပါသည်။ လူဟူသည် မိမိအကျိုးကို ကြည့်သူသာများပါသည်။ မိမိအကျိုးထက် အများအကျိုးကိုကြည့်သော သူက ရှားပါးလွန်းပါသည်။ ဖြူစင်၊ ရှားပါး၊ စွမ်းဆောင်နိုင်သော ပုဂ္ဂိုလ်များ၏ လုပ်ဆောင်ချက် အရပ်ရပ်သည် ထူးခြားသာလွန်လျက်ရှိပါသည်။ လေးစားအားကျဖွယ်၊ ဂုဏ်ယူဖွယ်အချက်များဖြင့် ထာဝရပြည့်စုံနေပါသည်။ ယင်းပုဂ္ဂိုလ်တို့၏ ခြေလှမ်းတိုင်း၊ အတွေးတိုင်းသည် ကိုယ်ကျိုးအတွက် မရည်ရွယ်ဘဲ နိုင်ငံအတွက် ခေါင်းစဉ်တပ်လျက် ခေတ်သစ်ရာဇဝင်ထဲ လွမ်းဖွယ်၊ အားကျဖွယ်၊ အတုယူဖွယ် အရိပ်ကလေးများအဖြစ် ခြေရာပမာထားရစ်ခဲ့သည်။
ကမ္ဘာတည်သရွေ့ ဂုဏ်ပြုနေကြမည်သာ
ဗိုလ်ချုပ်အောင်ဆန်းသည် ပြည်သူ့နှလုံးသားထဲမှပြည်တန်ပတ္တမြားတစ်လုံးပမာ ဖြစ်ပါသည်။ ပြည်သူလူထု၏ ယုံကြည်မှုကို မဖောက်မဖျက်၊ ရာထူး၊ ဂုဏ်ရှိန်၊ စည်းစိမ်ဥစ္စာတို့ကို ဘေးဖယ်လျက် နိုင်ငံ့အကျိုးကိုသာ တစိုက်မတ်မတ် ဦးတည်ဆောင်ရွက်ခဲ့သူဖြစ်ပါသည်။ နယ်ချဲ့တို့၏ ကျူးကျော်ဟန်၊ နှိမ့်ချမှုပုံသ္ဌာန်များကို ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့သူလည်း ဖြစ်ပါသည်။ ပြည်သူ့ယုံကြည်မှုဖြင့် နိုင်ငံကိုတည်ထောင်သူ နှလုံးလှလူသား ဗိုလ်ချုပ်အောင်ဆန်းမှာမူ အသက်သေဆုံးသည့်တိုင် ပြည်သူ့အကျိုးဆောင်ခဲ့သူဟု မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်ပါသည်။ တိုင်းပြည်အတွက် အဖိုးထိုက်တန် လှသည့် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့အာဇာနည်ပုဂ္ဂိုလ်ကြီးများ ကြွေလွင့်မှု၊ နစ်နာဆုံးရှုံးမှုကြီးသည် ပြည်သူ ပြည်သားအားလုံးအတွက် အစားထိုးဖွယ်ရာမရှိသော လွမ်းဆွတ်သတိရမှုများစွာဖြင့် ရှိခဲ့ဖူးသည့်ကျေးဇူးဘယ်ခါမမေ့အာဇာနည်နေ့ကို တစ်နှစ်တစ်ခါ ကမ္ဘာတည်သရွေ့ ဂုဏ်ပြုနေကြ မည်သာ ဖြစ်ပါသည်။
စေတနာနှင့် အမြဲတစေသက်သေ
အာဇာနည်ဟူသည် သွေးသားအသက်မရှိသော်လည်း နာမည်မသေ၊ ပန်းထုပ်သည့်ဖက်ပမာ မွှေးကြိုင် လျက်ရှိပေသည်။ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့သော အာဇာနည်ပုဂ္ဂိုလ်ကြီးသည် ကလေး၊ လူကြီးနှလုံး အိမ်ထဲက လတစ်စင်း ဖြစ်ပါသည်။ လ၏ အေးမြခြင်းသဘောသင်္ကေတဖြင့် နိုင်ငံ့ရေမြေ အလုံးစုံ အေးမြခြင်း အလင်းပေးရန်အသွင်ဆောင်သည်။ နိုင်ငံလွတ်လပ်ရေး၊ ကာကွယ်ရေး အတွက် တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်ဖြင့် ကိုယ်ကျိုးစွန့်ခဲ့သူ၊ ရာဇဝင်ရိုင်းသည့် နိုင်ငံတော်လုပ်ကြံမှုမျိုး မရှိနိုင်အောင်အဘက်ဘက်က စေတနာထားကြိုးစားခဲ့သူ၊ ပြည်သူ့အတွက်သစ္စာရှိရှိ၊ ယုံကြည်မှုရှိရှိ လွတ်လပ်ရေးပန်းတိုင်ဆီသို့ချီတက်ခဲ့သူ ဗိုလ်ချုပ်လိုလူက ရှိတော့ရှိသည်၊ ရှားပါးလွန်းပါသည်။ သဘောရိုးသူမို့ လူတကာ၏ အတွင်းစိတ်များကိုစာမဖတ်၊ ပြည်သူ့ဘက်က အမြဲရပ်တည်ပေးမှု များဖြင့်နှလုံးသားတွင်ဆင်မြန်း စေတနာနှင့် အမြဲတစေသက်သေ ပြခဲ့သည်။
ကြေကွဲရက်စွဲတစ်ခု
နိုင်ငံ့အရေးကို ကျရာတာဝန် ဦးလည်မသုန် တာဝန်ထမ်းဆောင်သူတို့သည် အနာဂတ်အတွက် သွေးနှင့်ပုံဖော်ရေးခဲ့ကြသည်။ လွတ်လပ်ရေးအတွက် မဆုတ်မနစ်တိုက်ပွဲဝင်ခဲ့ကြသည်။ တိုင်းပြည် အတွက် အသက်၊ သွေး၊ ချွေးစတေးခဲ့ကြသည်။ လူသာသေသော်လည်း သမိုင်းတွင်နာမည်မသေ နိုင်သော လူများဖြစ်ကြပါသည်။ နိုင်ငံ့တာဝန်ကျေပွန်သူများ ကျဆုံးမှုသည် ပြည်သူများအတွက် သာမက နိုင်ငံအတွက်ပါ မျက်ရည်စက်လက် ကြေကွဲရက်စက်စေခဲ့သည်။ မှီခိုအားထား မိသားစုများ ရင်ထဲမှာလည်း ပရိဒေဝမီးတောက်လောင်လျက် ရွှေတောင်အသီးသီး ပြိုကြပေလိမ့်မည်သာ ဖြစ်သည်။ မြန်မာ့သမိုင်း စာမျက်နှာထက်တွင်လည်း ကြီးစွာသော ဆုံးရှုံးမှုအဖြစ် ကြေကွဲရက်စွဲတစ်ခု ဖော်ပြသတ်မှတ်ခဲ့ရသည်။
စဉ်ဆက်မပြတ် ဂုဏ်ပြုခဲ
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်သာ အဖြေရှာဖြေရှင်းသင့်ပါသည်။ လက်နက်စွဲကိုင် သတ်ဖြတ်မှု၊ သွေးစွန်းသောလုပ်ကြံမှုများသည် နှစ်ဦးနှစ်ဖက်အတွက် နစ်နာမှုကိုသာဖြစ်ပေါ် စေပါသည်။ လုပ်ကြံမှု၏သက်ရောက်မှုကို ဆန်းစစ်ကြည့်သော် အဖြေမထွက်၊ နိုင်ငံအတွက် အကျိုးမဲ့မှု ကိုသာ ဖြစ်စေခဲ့ပါသည်။အာဇာနည်ခေါင်းဆောင်ကြီးများသည် နိုင်ငံ့လွတ်လပ်ရေးအတွက် ကောင်းမြတ်သော အသက်ပေးခြင်းများစွာဖြင့်နိုင်ငံ့အကျိုးကို ဆောင်ရွက်ခဲ့သူများဖြစ်ပါသည်။ ၁၉ ဇူလိုင်တွင် နိုင်ငံအတွက် အသက်ပေးဆပ်ရပ်တည်ခဲ့သူများကို လေးစားဂုဏ်ပြုသောအားဖြင့် အဆိုပါနေ့ကိုအာဇာနည်နေ့ဟု သတ်မှတ်ခဲ့ကြသည်။ ထိုနေ့ရောက်တိုင်း နိုင်ငံတစ်ဝန်းလုံးတွင် ဗိုလ်ချုပ်နှင့်တကွ မြန်မာ့ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရမှုကို အခမ်းအနားဖြင့်စဉ်ဆက်မပြတ် ဂုဏ်ပြုခဲ့ကြသည်။
မှတ်ကျောက်တင်ကြ
မမေ့နိုင်အောင် ကြိုးစားခဲ့သူ၊ နှလုံးသားတစ်နေရာတွင် သံမှိုနှက်သည့်ပမာထင်စွဲလျက် အာဇာနည် ပုဂ္ဂိုလ်များ၏ ဂုဏ်ဒြပ်များမှာ တောက်ကြွားနေမြဲဖြစ်ပါသည်။ အာဇာနည်နေ့ရောက်တိုင်း လူငယ်များ စဉ်းစားကြပေမည်။ တို့ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သနည်း။ အတိတ်သမိုင်းကောင်းအောင် ဘက်ပေါင်းစုံ က ဘယ်လိုကြိုးစားခဲ့သနည်း။ မေးခွန်းသဖွယ် အတွေးများဖြင့်အာဇာနည်နေ့ကို မှတ်ကျောက်တင်ကြ ပေမည်။ အာဇာနည်၏ စကားလုံးအနက်အဓိပ္ပာယ်ကို ကောက်ကြောင်းဆွဲ ရေးခြယ်နေပေမည်။ အာဇာနည်စိတ်ဓာတ်များကို ရွှေစင်ရွှေသားပမာ တန်ဖိုးထားမြတ်နိုးကြ ပေလိမ့်မည်။
စည်းလုံးမှုကိုပြသ
နိုင်ငံတစ်နိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုရရှိရေး သည်ပြည်သူလူထု လိုလားတောင့်တသော အတွေးအိပ်မက်များ ဖြစ်ပါသည်။ တိုင်းရင်းသားများဖြင့် တည်ထောင်ပြု ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ၏ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးရေး၊ စည်းလုံးညီညွတ်ရေးမှာ အကွပ်အနား အသက်သွေးကြောပမာ ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း သည် လွတ်လပ်ရေးနဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို လွန်စွာမှပင် အရေးထားခဲ့သူဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး သက်သေအဖြစ် တောင်ပေါ်မြေပြန့် ခွဲခြားအုပ်ချုပ်လိုသူများ၏ သွေးခွဲသပ်လျှို ဘေးစကားအမျိုးမျိုးကို တိုင်းရင်းသားတို့၏ ညီညွတ်မှုစွမ်းပကားဖြင့် ပင်လုံစာချုပ်ချုပ်ဆိုလျက် စည်းလုံးမှုကိုပြသနိုင်ခဲ့သည်။
လွတ်လပ်ရေးအတွက်
အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဘာမထီစိတ်ဓာတ်များက လေးစားဖွယ် ဖြစ်ပါသည်။ တိုင်းရင်းသားအားလုံး သွေးနွေး၊ သွေးစည်းကြစေရန်ကိုယ်စိတ်နှစ်ပါး ကောင်းစွာ အသုံးချလျက် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည်။ အနာဂတ်နိုင်ငံတော် လွတ်လပ်ရေး၊ အမျိုးသား စည်းလုံးညီညွတ်ရေးအတွက် ရှေ့ဆောင်လမ်းပြ ဗိသုကာတစ်ဦးပီပီ နိုင်ငံရေးပြဿနာများစွာကို ညှိနှိုင်းအဖြေရှာခြင်း၊ ငြိမ်းချမ်းစွာနေထိုင်ခြင်းနည်း လမ်းများဖြင့် ဦးစားပေးဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ကြိုးစားမှုများ အချည်းအနှီးမဖြစ်ခဲ့ပေ။ အပြောအဆိုပြတ်သားသူ ဗိုလ်ချုပ်၊ တိုင်းပြည်ကောင်းစားရေးအတွက် ကောင်းစွာအလုပ်လုပ်ပေးခဲ့ပါသည်။ လွတ်လပ်ရေး အတွက် မနားမနေ စွမ်းဆောင်ခဲ့သည်။ နောက်ကျောလုံသော ယုံကြည်ချက်များဖြင့် ဘ၀ပေး၊ အသက်စွန့်ရဲခဲ့သူလည်း ဖြစ်ပါသည်။
အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဘာမထီစိတ်ဓာတ်များက လေးစားဖွယ် ဖြစ်ပါသည်။ တိုင်းရင်းသားအားလုံး သွေးနွေး၊ သွေးစည်းကြစေရန်ကိုယ်စိတ်နှစ်ပါး ကောင်းစွာအသုံးချ လျက် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည်။ အနာဂတ်နိုင်ငံတော် လွတ်လပ်ရေး၊ အမျိုးသားစည်းလုံး ညီညွတ်ရေးအတွက် ရှေ့ဆောင်လမ်းပြ ဗိသုကာတစ်ဦးပီပီ နိုင်ငံရေးပြဿနာများစွာကို ညှိနှိုင်း အဖြေရှာခြင်း၊ ငြိမ်းချမ်းစွာနေထိုင်ခြင်းနည်းလမ်းများဖြင့် ဦးစားပေးဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါ သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ကြိုးစားမှုများ အချည်းအနှီးမဖြစ်ခဲ့ပေ။ အပြောအဆိုပြတ်သားသူ ဗိုလ်ချုပ်၊ တိုင်းပြည်ကောင်းစားရေးအတွက် ကောင်းစွာအလုပ်လုပ်ပေးခဲ့ပါသည်။ လွတ်လပ်ရေး အတွက် မနားမနေ စွမ်းဆောင်ခဲ့သည်။ နောက်ကျောလုံသော ယုံကြည်ချက်များဖြင့် ဘ၀ပေး၊ အသက်စွန့်ရဲခဲ့သူလည်း ဖြစ်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝပန်းတိုင်အစစ်သည်တိုင်းပြည်ကောင်းစားရေးသာဖြစ်သည်။ အလုံးစုံဖွံ့ဖြိုး သောခေတ်ကို ဦးတည်လိုသူပီပီ အသိတရားများစွာဖြင့်မနားမနေအလုပ်လုပ်ခဲ့သည်။ ပြည်သူ ပြည်သားအားလုံးအတွက် မိသားစုအရေးများစွာကို ဖယ်ရှားလျက် ကိုယ်ကျိုးမဖက် တိုင်းပြည် တာဝန်ကို ဦးလည်မသုန် ထမ်းရွက်ခဲ့သူဗိုလ်ချုပ်အောင်ဆန်းဖြစ်ပါသည်။ ဇူလိုင် ၁၉ ရဲ့ မိုးဖွဲများ က အာဇာနည်များအတွက် ကျမျက်ရည်အလား တွေးမိပါ သည်။ အာဇာနည်အများ ကျဆုံးချိန်ကာလ အလံတစ်ဝက်ချ လွမ်းခဲ့ရသည်မှာ ၇၂ နှစ်တိုင်ခဲ့ပြီဖြစ်သည်။ ရောက်ရာ အရပ်မှာ ငြိမ်သက်လျက် ဗိုလ်ချုပ်တို့ကို အလေးပြုခြင်းက နှစ်တိုင်း ကြက်သီးထမြဲ သတိရဆဲဖြစ်ပါသည်။ အချိန်အခိုက် အတန့်လေးအတွင်း ဥဩဆွဲသံ၊ ကားဟွန်းတီးသံများက ပြည်သူတစ်ရပ်လုံးရဲ့ ဂုဏ်ပြုလွမ်းချင်းများ အလား ကြက်သီးထမျှ ယနေ့တိုင်ကြားနေရဆဲဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းရှိသေးလျှင် ညီညာမှပြည်သာမည်ဟု ပြောမည်ထင်ပါသည်။ ဗိုလ်ချုပ်၏ လမ်းစဉ်၊ ဖြစ်စေချင်တဲ့ နိုင်ငံ့အနာဂတ်၊ ညီညာထကြွ နိုးကြားဖို့လိုအပ်ပြီး တစ်ဦးကောင်းတစ်ယောက်ကောင်း စိတ်နှင့် ညီညွတ်ရေးစိတ်ဓာတ်မှာ လွန်စွာကွာခြားလှသည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ အင်အားဖြင့် တည်ထောင်ပြု ပြည်ထောင်စုကြီးပင်ဖြစ်သည်။ တောင်ပေါ်၊ မြေပြန့်မခွဲခြား တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ ရှေးမူမပျက် ချစ်ချစ်ခင်ခင်နေထိုင်ရေးမှာ ဗိုလ်ချုပ်၏ စိတ်စေတနာဖြစ်ပါသည်။ ပြည်ထောင်စုကြီးအဓွန့်ရှည်တည်တံ့ရေး ဗိုလ်ချုပ်ကြိုးပမ်းချက်၊ စိတ်ရင်း စေတနာတို့မှာ လွမ်းဖွယ်အသွင်သို့ ပြောင်းလဲသွားသည့်တိုင် အာဇာနည်တို့၏ဆန္ဒမှာ ဦးတည်ချက် မပြောင်းလဲစွာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအခန်းကဏ္ဍမှာ အဓိကဖြစ်နိုင်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ယုံကြည်ချက်ခိုင်မာခဲ့သူ၊ မျိုးချစ်စိတ်ရှိသူ၊ အပြောသမား မဟုတ် လက်တွေ့ သမားဖြစ်သူ၊ ရိုးသားသူ၊ ကတိတည်သူ၊ မိသားစုကို ချစ်ခင်သူ၊ စာဖတ်၊ စာရေးဝါသနာပါသူ၊ ပြည်သူချစ်သော အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတုယူဖွယ် အမူ အကျင့်ကောင်းများသည် လူငယ်အများ လေးစားအားကျနေရမည့်ဓလေ့စရိုက်ကောင်းများ ဖြစ်ပါသည်။ ကိုယ်ကျင့်တရား အလေးထားသူ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို မျိုးဆက်သစ်တို့ တန်ဖိုးထားဂုဏ်ယူစွာဖြင့် ကျေးဇူးသိတတ်ကြပါစို့ဟု တိုက်တွန်းလျက် ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြု လိုက်ရပါသည်။