ထားဝယ်  ၁၈ ဇူလိုင် 

 

“သန့်စင်သောသွေး လူသားအားလုံးရရှိရေး” အတွက်ရည်ရွယ်၍ (၇၂)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)၏ (၈)ကြိမ်မြောက် “နုလုံးသားထဲကမြန်မာ” စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌  ကျင်းပသည်။

 

သွေးလှူဒါန်းပွဲတွင် (MPT) ဝန်ထမ်းများ၊ ထားဝယ်တက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူများ၊ လူမှုရေး ပရဟိတအသင်းအဖွဲ့များ၊ စေတနာရှင်များ စုစုပေါင်း(၃၀ဝ)ဦးက စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

 

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တိုင်းဒေသကြီးမန်နေဂျာ ဦးဇော်နိုင်လင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွေးလှူဒါန်းသူများအား ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများက သွေးလှူဒါန်းသူများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

 

(၈)ကြိမ်မြောက် “နုလုံးသားထဲကမြန်မာ” စုပေါင်းသွေးလှူဒါန်းပွဲကို နိုင်ငံတစ်ဝှမ်း ကျင်းပလျက်ရှိကြောင်း သတင်းရရှိသည်။

 

ထားဝယ်ခရိုင် (ပြန်/ဆက်)