မန္တလေး ၁၈ ဇူလိုင်
နိုင်ငံ့ဂုဏ်ဆောင်ခဲ့သော မန္တလေးတိုင်းဒေသကြီးကရာတေးဒို အသင်းအားဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၁၇ ရက် ညနေ ၅ နာရီခွဲက ချမ်းအေးသာစံမြို့နယ်ရှိ MAHA CHAI(THAI RESTARANT) ခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက်ဂုဏ်ပြုစကား ပြောကြားခဲ့သည်။
မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု ကရာတေးဒိုလက်ရွေးစင် အသင်းမှအားကစား အသင်းသည် ယခုလ ၉ ရက် ၁၀ ရက်တို့တွင် နေပြည်တော်တွင် ကျင်းပခဲ့သော ၂၀၁၉ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ကရာတေးပြိုင်ပွဲတွင် ရွှေတံဆိပ် ခြောက် ခု၊ ငွေ နှစ်ခုနှင့် ကြေး နှစ်ခုတို့ဖြင့်အမျိုးသား အမျိုးသမီးစုပေါင်း တံခွန်စိုက် ပထမဆုဖလားကြီးကို (၄)နှစ်ဆက်တိုက် ထပ်ဆင့် ဗိုလ်စွဲဆွတ်ခူးခဲ့သည်။ ထို့အပြင် ယခုလ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ထိုင်းနိုင်ငံဘန်ကောက်မြို့၌ ကျင်းပခဲ့သောTHAI OPEN KARATE TOURNAMENT ပြိုင်ပွဲ၌လည်း ရွှေတံဆိပ် တစ်ခုနှင့် ငွေတံဆိပ် သုံးခုရရှိခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သဖြင့် ဂုဏ်ပြုခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားတွင် အောင်ပွဲရအသင်းအုပ်ချုပ်သူ တိုင်းဒေသကြီးကရာတေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဇော်နိုင်က ပြိုင်ပွဲအောင်ပွဲရရှိပုံများနှင့် အားကစားသမားများကို တစ်ဦးချင်း မိတ်ဆက်ပေးပြီး အသင်းနည်းပြ တစ်ဦးတို့က ပြိုင်ပွဲအတွေ့အကြုံများကို ရှင်းပြသည်။
ထို့နောက် ပထမတံခွန်စိုက် ဆုဖလားကြီးကို ဝန်ကြီးချုပ်ထံသို့ အပ်နှံကြပြီး ဝန်ကြီးချုပ်က လက်ခံ၍ အောင်ပွဲရအသင်းအား ဂုဏ်ပြုငွေများချီးမြှင့်ခြင်း၊ တိုင်းဒေသကြီး ကရာတေးဆပ်ကော်မတီဥက္ကဋ္ဌမှ ငွေကျပ် ၁၀ သိန်းနှင့် ကျန်အလှူရှင်များကလည်း ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ကြကြောင်းနှင့် အောင်ပွဲရအားကစားသမားများအား ဂုဏ်ပြုညစာဖြင့် တည်ခင်းခဲ့ကြောင်း သိရသည်။
တင်မောင်(မန်းကိုယ်ပွား)


