ခင်ဦး ၁၈ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ ဇူလိုင် ၁၇ ရက်က ဧရာဝတီမြစ်ရေ လျှံတက်မှုကြောင့် သီဟတော၊ ရွှေတောကြီး၊ ကဘွက်၊ သံမှိုတောင်၊ သရက်ကုန်း၊ ကျီးပြုံးနှင့် ရုံးပင်ကျေးရွာတို့ရှိ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးပေးခန်းများ၊ စာကြည့်တိုက်များ ရဲကင်းနှင့် သစ်တောရုံးများ၊ လယ်ယာကုန်းမြေများ ရေနစ်မြုပ်လျက်ရှိနေကြောင်း သိရသည်။
မြစ်ရေအတက်ကြမ်းမှုကြောင့် ကျေးရွာ ၇ ရွာမှ စုစုပေါင်း အိမ်ခြေ ၅၈၀ ခန့်ရှိ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ လူဦးရေစုစုပေါင်း ၃၇၀ဝ ခန့်တို့နှင့် တိရစ္ဆာန်များကို ရေလွတ်ရာကုန်းမြင့်၊ စေတီ ဘုရားရှိ ဓမ္မာရုံ၊ ဘုန်းကြီးကျောင်းများ၊ ကုန်းမြင့်များပေါ်သို့ ရွှေ့ပြောင်းနေထိုင်လျက်ရှိပြီး၊ စာသင်ကျောင်းများ၊ ဆေးပေးခန်းများ၊ စာကြည့်တိုက်များ၊ သစ်တောရုံးများမှာ ရေနစ်မြုပ်မှုကြောင့် ခေတ္တပိတ်ထားရကြောင်း၊ရေဘေးဒုက္ခကြုံတွေ့နေရသော ကျေးရွာနေပြည်သူများမှာ အရေပြား ရောဂါများ (ဝဲ၊ယားနာ) ခံစားနေရကြောင်းနှင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားမည်ကိုလည်း စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ ရေဘေးဒုက္ခကြုံတွေ့နေရသောကျေးရွာများသို့ ရွှေဘိုမြို့ နယ်မြေခံတပ်ရင်းမှ ဗိုလ်ကြီးအောင်မျိုး ဦးဆောင်သော တပ်မတော်သားများက ရေသန့်ဘူးများပေးဝေ၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြကြောင်း သိရသည်။
ချစ်စံ(ခင်ဦး)


