မြစ်ကြီးနား ၁၈ ဇူလိုင် 


    
ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်အထက်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်  ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့၌ စိုးရိမ်ရေမှတ်အထက် ၁၂၂၂ စင်တီမီတာအထိ မြင့်တက်ခဲ့ပြီး အဆိုပါမြစ်ရေ မြင့်တက်လာမှုကြောင့် ဗန်းမော်ခရိုင်အတွင်းရှိ ကျေးရွာအုပ်စုများ၌ မိုးစပါးစိုက်ပျိုးမြေများ အပါအဝင် လယ်ဧကပေါင်း ၁၀ဝ၀ဝ ကျော်ရေကြီးနစ်မြှုပ်ခဲ့သည်။


    
ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ဗန်းမော်ခရိုင်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများ အတွင်း လူနေအိမ်များသို့ ရေဝင်ရောက်ခဲ့သည့်အပြင် ဗန်းမော်မြို့နယ်အတွင်း ရပ်ကွက် / ကျေးရွာပေါင်း ၃၁ ခုမှ တောင်သူ ၂၇၅၆ ဦးတို့၏ ကွင်းပေါင်း ၇၅ ကွင်းအတွင်းရှိ စိုက်ပျိုးမြေဧကပေါင်း ၈၅၆၀ ရေဝင်နစ်မြှုပ်နေကြောင်း ဗန်းမော်မြို့လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ထုတ်ပြန်ချက်အရသိရှိရသည်။


    
မြစ်ရေကြီးမှုကြောင့် ဗန်းမော်မြို့နယ်အတွင်း  တာမိုင်းလုံ၊ မိုင်းကာ၊ ကုန်းခါး၊ ကျွန်းကြီး၊ မံမလင်း၊ ရွှေကျီးနား၊ နမ့်ဖား၊ သဖန်းပင်၊ စင့်ကင်၊ တိန်းသော်၊ ကုန်းမဟတ်၊ ကံကြီးကမ္ဘာနီ၊ သိန်လင်၊ ကျောက် အိုက်၊ ကောင်းတုံ၊ စာဝတီး၊ ချောင်းဝ၊ ဟဲလုံ၊ ကျွဲချို၊ ဆိုင်ကင်၊ ငှက်ပျောတော၊ ပါပေါင်း၊ မိုးဇိန်း၊ နောင် လိုက်၊ မံရေး၊ မအူပင်၊ မလူလာ၊ မြစေတီ၊ စီဟဲ၊ မံဖာကျေးရွာတို့ရှိ စပါးစိုက်တောင်သူ ၂၆၄၈ ဦးတို့၏ ကွင်းပေါင်း ၆၉ ကွင်းရှိ ဧကပေါင်း၈၂၀၃ ဧကနှင့် အစေ့ထုတ်ပြောင်းစိုက်တောင်သူ ၁၀၅ ဦးတို့၏ ကွင်းပေါင်း ၅ ကွင်းမှ ဧကပေါင်း ၃၄၈ ဧက ရေကြီးနစ်မြှုပ်ခဲ့သည်။


    
အလားတူ ရွှေကူမြို့နယ်အတွင်း ကျေးရွာအုပ်စု ၈ စုမှ တောင်သူ ၁၇၅၈ ဦးတို့၏ ကွင်းပေါင်း ၈ ကွင်းမှ စိုက်ဧကပေါင်း ၅၇၅၉ ဧကနှင့် မြို့လှမြို့အတွင်း တောင်သူ ၆ ဦးတို့၏ စိုက်ဧကပေါင်း ၃၆ ဧက အပါအဝင် မံစီမြို့နယ်အတွင်း၌လည်း တောင်သူ ၁၁၅ ဦး၏ မိုးစပါးစိုက်ဧကပေါင်း ၅၀၄ ဧက ရေကြီး နစ်မြှုပ်ခဲ့ကြောင်း သိရှိရသည်။

 

မျိုးမြင့်စိုး(ပြည်နယ်ပြန်/ဆက်)