ရန်ကုန် ၁၈ ဇူလိုင်


ရန်ကုန်အနောက်ပိုင်းခရိုင် လမ်းမတော်မြို့နယ်တွင် မြို့နယ်လူဦးရေစာရင်းကောက်ယူရေး လုပ်ငန်းအဖွဲ့က ကြီးမှူးကျင်းပသော လူဦးရေစာရင်း ကောက်ယူခြင်းနှင့် မဲဆန္ဒရှင် စာရင်းပြုစုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို ယနေ့ နံနက် ၁၀ နာရီတွင် လမ်းမတော်မြို့နယ်  အ.လ.က (၁)  မြမာလာခန်းမ၌ ကျင်းပပြုလုပ်သည်။

 

1

 


အခမ်းအနားတွင် မြို့နယ် လူဦးရေစာရင်းကောက်ယူရေး လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝဏ္ဍထွန်းက နိုင်ငံသားတိုင်း မဲစာရင်းတွင်ပါဝင်ခြင်းဖြင့် မိမိတို့၏ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန် မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်စေရန် ရည်ရွယ်၍ သင်တန်းပေးရခြင်းဖြစ်ကြောင်း၊ သတ်မှတ်ပုံစံများဖြင့် သတ်မှတ်ကာလအတွင်း မှန်ကန်တိကျသော အချက်အလက်များ ရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားသည်။

 

1

 


ဆက်လက်၍ သင်တန်းကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးထွန်းဝင်းက လူဦးရေစာရင်းနှင့် အချက်အလက်များ ကောက်ယူပြုစုခြင်းဆိုင်ရာ လုပ်ငန်းများအကြောင်းကိုလည်းကောင်း မြို့နယ် လဝကဦးစီးမှူး ဦးကြည်ဝင်းနိုင်က အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်း အကြောင်းကိုလည်းကောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိ ဒေါ်ဆွေဆွေထွန်းက မဲစာရင်းပြုစုခြင်းဆိုင်ရာ လုပ်ငန်းအကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသူများနှင့် သင်တန်းသား/သင်တန်းသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။ 


အဆိုပါသင်တန်းသို့ လမ်းမတော်မြို့နယ်ရှိ ရပ်ကွက်များမှ သင်တန်းသား/သင်တန်းသူ (၁၂၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


ကျော်ဆန်းမြင့်(ပြန်/ဆက်)