မိုးညှင်း ၁၈ ဇူလိုင်
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် တောင်အင်းကျေးရွာအုပ်စု တောင်အင်းကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေနှင့် ရင်းနှီးလုပ်ကိုင်နေသည့်လုပ်ငန်းများနှင့် စာရင်းဇယားများကို ယနေ့နံနက်ပိုင်းက ခရိုင်ကျေးလက်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသူရလွင်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆန်းမင်းနှင့်ဝန်ထမ်းများက မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှု ကော်မတီများ ရေးသွင်းထားသည့် စီမံကိန်းလုပ်ငန်းများ၏ စာရင်းဇယားများ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို ကော်မတီဝင်များနှင့် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မြို့နယ်ဦးစီးနှင့်အဖွဲ့သည် ကျေးရွာအတွင်း မြစိမ်းရောင်စီမံကိန်းချေးငွေဖြင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူ ဦးမြင့်၏ ဝက်မွေးမြူခြံနှင့် ဦးဖိုးဝ၏ စပါးပျိုးခင်းပျိုးထောင်ထားရှိမှု တို့ကိုကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လုပ်ငန်းဆောင်ရွက်မှုအဆင့်တိုင်းကို ပွင့်လင်းမြင်သာစွာချပြရှင်းလင်း ပြောကြားရန် မှာကြားခဲ့ကြောင်း သိရသည်။
ထို့အပြင် ကျေးရွာမှကော်မတီဝင်တစ်ဦးကလည်း မိမိတို့ရွာလေးအတွက် လိုအပ်သည့် အရင်းအနှီးငွေကို အတိုးနှုန်းသက်သာစွာ ချေးယူလုပ်ကိုင်ဆောင်ရွက်ခွင့်ရ၍ စီးပွားရေးလုပ်ငန်းများ အဆင်ပြေမှုရှိကြောင်း စီမံကိန်းမှရှိသည့်အတိုးငွေများကို မိမိတို့ကျေးရွာဖွံ့ဖြိုးလုပ်ငန်းများအတွက် ပြန်လည်အသုံးပြုခွင့်ရမှာဖြစ်၍ ဝမ်းသာဂုဏ်ယူမိပါကြောင်း ပြောကြားပါသည်။
မိုးညှင်းမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်းဝင် ကျေးရွာပေါင်း ၄၃ ရွာတွင် ယနေ့အထိ အသင်းသား ဦးရေ(၃၆၈၇)ဦးကို ရန်ပုံငွေကျပ်သန်းပေါင်း (၁၆၃၃.၅၅)သန်း မတည်ပေးပြီး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်းနှင့် တောင်အင်းကျေးရွာတွင် ချေးငွေအသင်းသား (၁၀၉)ဦးအား ငွေကျပ် (၅၂၈)သိန်း ထုတ်ချေးပေးထားကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
ခရိုင် ပြန်/ဆက်


