ထန်တလန် ၁၈ ဇူလိုင်
ချင်းပြည်နယ် ထန်တလန်မြို့တွင် (၇၂)နှစ်မြောက်အာဇာနည်နေ့ကို ကြိုဆိုသောအားဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းကာ ဇူလိုင် ၁၇ ရက် နံနက် ၈ နာရီမှစတင်၍ အာဇာနည်နေ့အောက်မေ့ဖွယ် တေးသီချင်းများနှင့် ဗိုလ်ချုပ်၏ သမိုင်းဝင်မိန့်ခွန်းများကို ကားများဖြင့် မြို့အတွင်းလှည့်လည် ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
ထို့အတူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် အာဇာနည်နေ့အခမ်းအနား ကျင်းပမည့် မြို့နယ်ခန်းမတွင်လည်း အာဇာနည်နေ့သီချင်းများနှင့် ဗိုလ်ချုပ်၏မိန့်ခွန်းများကို ဇူလိုင် ၁၆ ရက်မှစ၍ ဇူလိုင် ၁၉ ရက်အထိ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။
အလားတူ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာကျောင်းများနှင့် ပူးပေါင်း၍ (၇၂)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ဗိုလ်ချုပ်ပုံတူပန်းချီရေးဆွဲပြိုင်ပွဲကို ဇူလိုင် ၁၈ ရက် နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ဗိုလ်ချုပ်ပုံတူပန်းချီရေးဆွဲပြိုင်ပွဲတွင် အ.ထ.က(၁)၊ အ.ထ.က(၂)၊ မူလွန်(၁)၊ မူလွန်(၂) ကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသူ ကျောင်းသား (၂၀)ဦးတို့က ပါဝင်ယှဉ်ပြိုင်ကြပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု (၂)ဆုကို မြို့နယ်ဦးစီးမှူး ဒေါ်ခမ်ငိုက်မန်က ဆုငွေများချီးမြှင့်ပေးအပ်ကာ ပြိုင်ပွဲဝင်သူများအားလုံးကို အာဇာနည်နေ့အမှတ်တရ စာအုပ်တစ်အုပ်စီ လက်ဆောင်ပေးဝေခဲ့သည်။
ထို့နောက် ပြသထားသော ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းကောက်နှုတ်ချက်များနှင့် အာဇာနည်ခေါင်းဆောင်ကိုးဦး၏ ကိုယ်ရေးမှတ်တမ်း နံရံကပ်စာစောင် ဓာတ်ပုံများကို ကျောင်းသူ ကျောင်းသားများက စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နေစု(ချင်းရိုးမ)


