ရန်ကုန် ၁၈ ဇူလိုင်

 

ဗီယက်နမ်အမျိုးသားကုန်သွယ်ရေးမြှင့်တင်မှုအစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော နှစ်နိုင်ငံချစ်ကြည်ရေးကို ပိုမိုမြှင့်တင်စေသည့် ဗီယက်နမ်ကုန်စည်ပြပွဲကို ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ဇူလိုင် ၁၈ ရက်နံနက်ပိုင်းက ကျင်းပခဲ့ရာ လေးရက်တိုင်ကုန်စည်ပြပွဲကိုကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနတို့ စီစဉ်ကျင်းပသော ဗီယက်နမ် ကုန်စည် ပြပွဲတွင် ကုမ္ပဏီပေါင်း ၇၀ ကျော်မှ အဆင့်မြင့်ပြခန်းပေါင်း(၉၀)ကျော် ပြသခဲ့ပြီး အထည်အလိပ်၊ သားရေနှင့်ဖိနပ်၊ လယ်ယာနှင့်သစ်တောထွက်ပစ္စည်းများ၊ လက်မှုပစ္စည်းများ၊ အစားအစာများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ ဆေးဝါးပစ္စည်းများနှင့် ဗီယက်နမ်နိုင်ငံထွက် အရည်အသွေးမြင့်ကုန်ပစ္စည်းများကို ခင်းကျင်းပြခြင်း ဖြစ်သည်။

 

ယခုနှစ်တွင် ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှုမြှင့်တင်ရေးဌာနမှ ကျင်းပသော ယခုကုန်စည်ပြပွဲနှင့် ဒီဇင်ဘာလတွင် ကျင်းပလေ့ရှိသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် ဗီယက်နမ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေးဌာနတို့ ပူးပေါင်းကျင်းပသော ကုန်စည်ပြပွဲကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

 “ ဒီနေ့ပွဲထူးခြားချက်က သူတို့နိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ ကုမ္မဏီတွေ၊ပုဂ္ဂလိက ကုမ္ပဏီတွေ ပူးပေါင်းပြီးလာပြတဲ့ပွဲပါ။ ဗီယက်နမ်က အရှေ့တောင်အာရှမှာ စီးပွားရေးကြီးမားလာတာကြောင့် (၂၀ဝ၃)ခုနှစ်ထဲက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ခဲ့တာပါ။ ဒီပွဲကနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ နှစ်နိုင်ငံကုန်သွယ်ကူးသန်းမှုကို ပြသတဲ့အပြင် နိုင်ငံရေး၊ စီးပွားရေး ရင်းနှီးချစ်ကြည်မှု အလားအလာကောင်းတွေ တည်ရှိနေတာကိုတွေ့ရမှာပါ”ဟု ကုန်သွယ်စက်မှုအသင်းချုပ်မှတွဲဘက် အထွေထွေအတွင်းရေးမှူး ဦးမျိုးသန့်ကပြောသည်။

 

အရှေ့တောင်အာရှတွင် ဗီယက်နမ်နိုင်ငံအနေဖြင့် ဈေးကွက်စီးပွားရေးကို ထိုးဖောက်ဝင်ရောက်ရာ၌ အခြားနိုင်ငံနှင့် မတူဘဲ ထဲထဲဝင်ဝင်ဖြင့် အောင်မြင်အောင်ကျိုးပန်းလေ့ရှိပြီး တစ်ချိန်တွင်မြန်မာနိုင်ငံ၌ ဗီယက်နမ်နိုင်ငံမှ ကုန်ပစ္စည်းများ ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်နိုင်ဖွယ်ရှိပြီး မြန်မာနိုင်ငံသို့ ယခုလိုကုန်သွယ်မှုဖြင့် ဈေးကွက်ရှာဖွေမှုနှင့်အတူ မြန်မာနိုင်ငံအနေဖြင့်လည်းပြည်ပနိုင်ငံတို့တွင် ကုန်စည်ပြပွဲများကို ဖော်ဆောင်ခြင်းဖြင့် ဈေးကွက်စီးပွားရေးကို တိုးချဲ့ရန်လိုအပ်လျက်ရှိပြီး ဗီယက်နမ်ကုန်စည်ပြပွဲကို လေးရက်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဓာတ်ပုံ -သန်းစိုး သန်းထိုက်

 

IMG_2019