နေပြည်တော်   ၁၈   ဇူလိုင်

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ပြင်သစ်နိုင်ငံ သံအမတ်ကြီး H.E Mr. Christian Lechervy နှင့် French Development Agency မှ ကိုယ်စားလှယ်များကို ယနေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ “တရားဥပဒေစိုးမိုးရေးဆီသို့” မဟာဗျူဟာ စီမံကိန်းအရ ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ တရားဥပဒေ စိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့၏ “ပြည်သူ့အတွက်တရားမျှတမှု” မဟာဗျူဟာ စီမံကိန်းပါ တရားမျှတမှုကို အားလုံးလက်လှမ်းမီရေး၊ ဥပဒေဆိုင်ရာ အထောက်အကူရရှိရေး၊ ဥပဒေ အသိပညာပေးရေး၊ ဥပဒေများ အကောင်အထည်ဖော်မှုနှင့် မှုခင်းကာကွယ် တားဆီးရေး လုပ်ငန်းများတွင် အဖွဲ့အစည်းအသီးသီးနှင့် ပေါင်းစပ်ဆောင်ရွက်နေမှုများ၊ တရားဥပဒေ စိုးမိုးရေးစင်တာများနှင့် တရားမျှတမှု စင်တာများ၏ ဥပဒေအသိပညာ ပေးလုပ်ငန်းနှင့် ဥပဒေ အထောက်အကူပြုလုပ်ငန်းများ၊ တရားလွှတ်တော် ရှေ့နေများကောင်စီ ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်မည့် အခြေအနေများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်လာရေးအတွက် တရားဥပဒေ စိုးမိုးရေးကို အခြေခံသော ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်းတစ်ရပ် ဖြစ်ထွန်းလာစေရန် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ တရားမျှတမှုကဏ္ဍ တိုးတက်ကောင်းမွန်ရေးအတွက် နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဒေါက်တာသီတာဦး နှင့် ဒေါက်တာဆွေဆွေအောင်တို့  တက်ရောက်ခဲ့ကြသည်။

MDN