နေပြည်တော် ၁၈ ဇူလိုင်
ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပညာသင် ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်သူများကို ပညာရည်ချွန်ဆု ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ပြည်ထောင်စုရှေ့နေချုပ်ရုံး မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုရှေ့နေချုပ်က အမှာစကားပြောကြားရာ ယနေ့ ကျောင်းသား ကျောင်းသူများသည် နိုင်ငံတော်၏ မျိုးဆက်သစ် လူ့သားအရင်းအမြစ်များ ဖြစ်ပါကြောင်း၊ အတတ်ပညာ၊ အသိပညာများ နှံ့စပ်ကျွမ်းကျင်မှသာ မိမိတို့၏ ဘဝရှေ့ရေး တိုးတက်အောင်မြင်မည်ဖြစ်ပါကြောင်း၊ ပညာရွှေအိုး လူမခိုး ဟူသည့် ဆိုရိုးစကားကဲ့သို့ ပညာသည်သာ မိမိတို့အတွက် ဥစ္စာရတနာ အစစ်အမှန်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများသည် မိမိတို့၏ သားသမီးများအတွက် ပညာအမွေအဖြစ် ပညာရေးတွင် ထူးချွန်အောင်မြင်စေရန် ကြိုးစားဆောင်ရွက် ပေးကြပါကြောင်း၊ ဝန်ထမ်းမိဘများနှင့် သားသမီးများအတွက် အထောက်အကူဖြစ်စေရန် ပညာသင်ထောက်ပံ့ခြင်းနှင့် ပညာရည်ချွန်ဆုများ ချီးမြှင့်ခြင်း တို့ကို နှစ်စဉ် ဆောင်ရွက်ခဲ့ပါကြောင်း ပြောကြားပြီး ယခုနှစ်တွင် ကျောင်းသားကျောင်းသူ ၁၆၇ ဦးကို ပညာသင် ထောက်ပံ့ကြေး ၅၆ သိန်းနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်သူ ၁၄ ဦးကို ဆုချီးမြှင့်ငွေ ၉ သိန်း၊ စုစုပေါင်း ၆၅ သိန်း ချီးမြှင့်ခဲ့သည်။
အခမ်းအနားသို့ ဒုတိယရှေ့နေချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ပညာရည်ချွန်ဆုရရှိသူ ကျောင်းသူ ကျောင်းသားများနှင့် မိဘများ တက်ရောက်ကြောင်း သိရှိရသည်။
MDN


