နေပြည်တော် ၁၈ ဇူလိုင်

မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ အကြိမ်(၂၀) မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဗဟိုကော်မတီဉက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက လုပ်ကိုင်ခွင့်အသုံးပြုခွင့်ရထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စိုက်ပျိုးရေး လုပ်ငန်းအတွက် စိုက်ပျိုးမှုတည်ငြိမ်သောကာလ၌ လယ်ယာမြေအသစ်များအဖြစ် လည်းကောင်း၊ မွေးမြူရေးလုပ်ငန်းများအနေဖြင့်လည်း နိုင်ငံသားများအတွက် ဘေးကင်းလုံခြုံသည့် စားနပ်ရိက္ခာထုတ်လုပ်ရာဌာနများအဖြစ်လည်းကောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများအား ထိရောက်မှန်ကန်စွာ အကျိုးရှိရှိ အသုံးချလုပ်ကိုင်နိုင်ရေးကို စီမံဆောင်ရွက်ကြရမည် ဖြစ်သကဲ့သို့ မြေယာ ပြဿနာများ အားမှန်ကန်မြန်ဆန်စွာဖြေရှင်းနိုင်ရေးအတွက် လိုအပ်သောမူဝါဒများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်သလို တောင်သူလယ်သမားများ အတွက် ထိရောက်စွာအကျိုးပြုပေးနိုင်မည့် ခိုင်ခံ့သော တောင်သူလယ်သမား အဖွဲ့အစည်းများဆိုင်ရာ ဥပဒေပေါ်ပေါက်လာရေးသည် အထူးအရေးကြီးပါကြောင်း၊ မိမိတို့ ဗဟိုကော်မတီအဖွဲ့ဝင်များအနေဖြင့် အဆိုပါကိစ္စရပ်များအပေါ် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီဝင်များ စုံညီစွာတက်ရောက်ကြပြီး ဗဟိုကော်မတီအတွင်းရေးမှူး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်မည့်အကြောင်းအရာ တစ်ခုချင်းအလိုက် ရှင်းလင်းတင်ပြရာ ဗဟိုကော်မတီ ဥက္ကဋ္ဌနှင့် ဗဟိုကော်မတီဝင်များက ဝိုင်းဝန်းဆွေးနွေးဆုံးဖြတ်ကြသည်။

အစည်းအဝေးတွင် စည်းကမ်းချက် သတ်မှတ်ကာလ ၄ နှစ်ပြည့်မြောက်ပြီးချိန်အထိ မြေပြင်အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မှုမရှိသော လုပ်ကိုင်ခွင့်ချထားမြေများအား ခွင့်ပြုမိန့် ရုပ်သိမ်းရေးနှင့် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်ထားသောမြေဧရိယာအပေါ် ခွင့်ပြုအမိန့် စာအသစ် ထုတ်ပေးနိုင်ရေးဆိုင်ရာများ၊ ယခုအစိုးရကာလမြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်အသုံးပြုခွင့် လျှောက်ထားလာသည့် လုပ်ငန်းစာတွဲများ ၂၀၁၂ ခုနှစ်မှ စတင်၍ အတည်ပြုပြဌာန်းခဲ့သည့် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေအရ မြေခွန်တော်ကင်းလွတ်ခွင့်ကာလကုန်ဆုံးပြီးနောက် အသုံးပြုစိုက်ပျိုးထားသော မြေယာအပေါ် ကောက်ခံရမည့် မြေခွန်တော် ကောက်ခံရရှိရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

ယနေ့ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေအရ စည်းကမ်းချက်များနှင့် ကိုက်ညီမှုမရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ပိုင်ခွင့် မြေ ၆၁၁၄၅ ဧကအား ပြန်လည်သိမ်းဆည်းကြောင်း ဆုံးဖြတ်ခဲ့ရာ သတ်မှတ်ဥပဒေစည်းမျဉ်းများနှင့် ကိုက်ညီမှုမရှိခြင်းကြောင့် ပြန်လည် သိမ်းဆည်းမြေဧရိယာ စုစုပေါင်းဧက (၁၅)သိန်းကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)