၁၈ ဇူလိုင်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ Royal Orchid Sheraton Hotel ၌ အာရှနှင့်ပစိဖိတ်ဒေသ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ရုံး (Food and Agriculture Organization Regional Office for Asia and the Pacific) မှ ဉီးဆောင်ကျင်းပပြုလုပ်သည့် အာရှနှင့်ပစိဖိတ်ဒေသအဆင့် စိုက်ပျိုးရေးကဏ္ဍ နှင့်ဇီဝမျိုးစုံမျိုးကွဲ ပေါင်းစပ်ဆောင်ရွက်ခြင်းဆိုင်ရာ အစည်းအဝေး (Regional Consultative Meeting on Biodiversity Mainstreaming across Agriculture Sectors for Asia and the Pacific) သို့ တက်ရောက်ခဲ့သည်။

အစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (UNFAO)၊ ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းခြင်းဆိုင်ရာ အတွင်းရေးမှူးရုံး (Secretariat of the Convention on Biodiversity Conservation) နှင့် ထိုင်းနိုင်ငံ၊ သယံဇာတနှင့်ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများမှ အစည်းအဝေးသို့ တက်ရောက်လာသူများအား ကြိုဆိုနှုတ်ခွန်းစကားများ ပြောကြားခဲ့ပြီး အစည်းအဝေး ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များ၊ စားနပ်ရိက္ခာဖူလုံရေးနှင့် ငတ်မွတ်ခေါင်းပါးမှုလျော့ချရေးတို့ ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးထုတ်ကုန်များ ရေရှည်ဖွံ့ဖြိုးတိုးအောင် ဆောင်ရွက်နိုင်ရေးအတွက်  ဇီဝမျိုးစုံမျိုးကွဲများ၊ ‌ဂေဟစနစ်များ ရှင်သန်တည်ရှိမှုတို့၏ အရေးပါမှုဆိုင်ရာ အချက်အလက်များနှင့် လေ့လာတွေ့ရှိချက်များအား ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် စိုက်ပျိုးရေးထုတ်ကုန်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များ ထိန်းသိမ်းကာကွယ်ခြင်းအပါအဝင် ရေရှည်အသုံးချနိုင်ရေးများနှင့် စပ်လျဉ်း၍ နိုင်ငံအဆင့် မူဝါဒများ၊ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းခြင်းဆိုင်ရာ မဟာဗျူဟာနှင့် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ လက်တွေ့ဆောင်ရွက်နေမှုများ၊ တွေ့ကြုံရသည့် လုပ်ငန်းအတွေ့အကြုံများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များအား ဆွေးနွေးတင်ပြသည့် High-Level Segment အားဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ၊  ဘူတန်နိုင်ငံ၊ ကမ္ဘာဒီးယားနိုင်ငံနှင့် အီရန်နိုင်ငံတို့မှ ဝန်ကြီးအဆင့် တာဝန်ရှိပုဂ္ဂိုလ်များမှ ပါဝင်ဆွေး‌နွေးခဲ့ကြသည်။

အဆိုပါ High-Level Segment ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းမှ ဆွေးနွေးတင်ပြရာတွင် ဇီဝမျိုးစုံမျိုးကွဲများသည်  စိုက်ပျိုးရေးကဏ္ဍအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ စားနပ်ရိက္ခာထုတ်လုပ်ရန်အတွက် စိုက်ပျိုးသည့်အပင်မျိုးစိတ်များသည် သဘာဝဂေဟစနစ်များ အတွင်း ရှင်သန်ပေါက်ဖွားနေသည့် ဇီဝမျိုးစုံမျိုးကွဲများနှင့် ၄င်းတို့၏ မျိုးရိုးဗီဇဆိုင်ရာ ဂုဏ်သတ္တိများဖြင့် ပေါင်းစပ်ထားသည့် မျိုးစိတ်များဖြစ်ပါကြောင်း၊ ရာသီဥတု ပြောင်းလဲမှုဒဏ် ခံနိုင်ရည်ရှိရေး၊ ရောဂါပိုးမွှားဒဏ်ခံနိုင်ရေး၊ ကမ္ဘာ့လူဉီးရေတိုးမြင့်လာမှုနှင့်အတူ စားနပ်ရိက္ခာ တိုးမြှင့်ထုတ်လုပ်နိုင်ရေးတို့အတွက် စိုက်ပျိုးပင်များ မျိုးရိုးဗီဇဆိုင်ရာ ပေါင်းစပ်ပြုပြင်မှုများ ဆောင်ရွက်ရန် သဘာဝဂေဟစနစ်များအတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများ အရေးပါမှုကို သိရှိလက်ခံ လာကြသော်လည်း အခြားတစ်ဘက်တွင် စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်အတွက် မြေအသုံးချမှုများ ပြောင်းလဲခြင်းကြောင့် ဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီးဆုံးရှုံးမှု များအား ကြုံတွေ့နေရပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ခြင်းများ ပေါင်းစပ်ဆောင်ရွက်ရာတွင် ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ သဘောတူညီချက်ပါ  ရေရှည်မဟာဗျူဟာ စီမံချက်များနှင့်အညီ လိုက်ပါ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ဂေဟစနစ်များအတွင်းရှိ စိုက်ပျိုးပင်များ၏ မျိုးရိုးဗီဇများ တိမ်ကောပျောက်ကွယ်ခြင်းမရှိအောင် ကာကွယ်ထိန်းသိမ်းရန်အတွက် မျိုးရိုးဗီဇအရင်း အမြစ်များထိန်းသိမ်းသည့် Seed Bank ကို စိုက်ပျိုးရေးသုတေသနဉီးစီးဌာနမှ တာဝန်ယူ တည်ထောင်ထားပြီး လက်ရှိအချိန်တွင် အရေးကြီးသည့် စိုက်ပျိုးသီးနှံမျိုးစိတ် ၁၂,ဝ၀ဝ ကျော်ကို ထိန်းသိမ်းထားပြီးဖြစ်ကြောင်း၊ ဂေဟစနစ်များ ထိန်းသိမ်းကာကွယ်ရန်အတွက် သဘာဝနယ်မြေများ တည်ထောင်ထိန်းသိမ်းကာကွယ်ခြင်းကို သစ်တောဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်တွင် နိုင်ငံ၏ ၅.၈၅ ရာခိုင်နှုန်းကို သဘာဝနယ်မြေများအဖြစ် သတ်မှတ်ထိန်းသိမ်းကာကွယ်နိုင်ပြီး ရေရှည်တွင်နိုင်ငံ၏ ၁၀ ရာခိုင်နှုန်း အထိတိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှု လျှော့နည်းသက်သာစေရေးနှင့် ဂေဟစနစ်ဝန်ဆောင်မှု များ ရေရှည်ရရှိခံစားနိုင်ရန်အတွက် မြန်မာနိုင်ငံသစ်တောများ ပြန်လည်ထူထောင်ရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများ၏ နေရင်းဒေသများပြန်လည်ထူထောင်ရေးအတွက် နှစ်(၂၀)စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် စိုက်ပျိုးရေးနည်းစနစ်များတွင် ဇီဝမျိုးစုံမျိုးကွဲများ ပေါင်းစပ်ဆောင်ရွက်မည့် Good Agriculture Practice (GAP) နှင့် Smart Agriculture အလေ့အထများ လိုက်နာဆောင်ရွက်ရေးကိုလည်း စိုက်ပျိုးရေးဦးစီးဌာနမှ တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံအလိုက်ဆောင်ရွက်မှုများအပြင် နိုင်ငံတကာပူး‌ပေါင်း‌ ဆောင်ရွက်မှုများလည်း လိုအပ်ကြောင်း၊ UN CBD ၏ Post 2020 Global Biodiversity Framework အပေါ် ခိုင်မာသည့် လုပ်ငန်းစီမံချက်များ ရေးဆွဲဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းရှိ ဇီဝမျိုးစိတ်များ၊ မျိုးကွဲများထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် လုပ်ငန်းဆောင်ရွက်ရန် အခြေအနေကောင်းများဖန်တီးပေးနိုင်ခြင်း၊ အတွေ့အကြုံများမျှဝေခြင်း၊ နည်းပညာနှင့် ဗဟုသုတများ ဖြန့်ဖြူးပေးခြင်းတို့ဖြင့်  စိုက်ပျိုးရေးကဏ္ဍတွင် ပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ပေါင်းစပ်ဆောင်ရွက်မှုကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးကို ၂၀၁၉ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ (၃)ရက်ကြာကျင်းပပြုလုပ်သွားမှာဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ‌ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ပေါင်းစပ်ဆောင်ရွက်နိုင်ရေးအတွက် ကဏ္ဍအသီးသီးမှ ဆွေးနွေးကြမည်ဖြစ်ပြီး ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (UNFAO)၊ ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲများ ဆိုင်ရာသဘောတူညီချက် United Nations Convention on Biodiversity (UNCBD)၊ အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့ International Union for Conservation of Nature(IUCN) တို့မှ အဆင့်မြင့်အရာရှိများနှင့် ကျွမ်းကျင်ပညာရှင်များ၊ အာရှ- ပစိဖိတ်ဒေသ တွင်းရှိနိုင်ငံများမှ စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ကဏ္ဍတို့မှ အဆင့်မြင့်အရာရှိကြီးများ၊ သတင်းမီဒီယာများ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ကြောင်း သတင်းရရှိသည်။

MDN