ရန်ကုန် ၁၈ ဇူလိုင်
“ဂျပန်ရင်သွေး” ရုပ်ရှင်ဇာတ်ကားအား Digital Restoration လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ စာနယ်ဇင်းရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်ဖွံ့ဖြိုးရေးစင်တာ၌ ကျင်းပသည်။
“ဂျပန်ရင်သွေး” ရုပ်ရှင်ဇာတ်ကားသည် ၁၉၃၅ ခုနှစ်တွင် ဒါရိုက်တာဦးညီပုက ဂျပန်-မြန်မာ ပူးပေါင်းဖန်တီးသည့် ပထမဆုံး ဂျပန်-မြန်မာရုပ်ရှင်ဇာတ်ကားဖြစ်ပြီး တစ်ခုတည်း ကျန်ရှိသည့် “ဂျပန်ရင်သွေး” ဖလင်ကားထုပ်ကို သိမ်းဆည်းထားသော အမျိုးသားရုပ်ရှင် မော်ကွန်းတိုက်(ဂျပန်)က ဖလင်ကားထုပ်မှ Digital Restoration စနစ်သို့ ကူးပြောင်းပြီး ပြန်လည်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။ Digital စနစ်သို့ ကူးပြောင်းရန်အတွက် IMAGICA Lab. Inc က လုပ်ဆောင်သွားမည်ဖြစ်ပြီး ထိုသို့ ထိန်းသိမ်းနိုင်ရန်အတွက် အေဝမ်းဖလင်ကုမ္ပဏီနှင့် Save Myanmar Film တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကာ ဂျပန်အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်သော Agency for Cultural Affairs က ပံ့ပိုးကူညီခဲ့ကြောင်း သိရသည်။
“ဂျပန်ရင်သွေး” ရုပ်ရှင်ဇာတ်ကားသည် မြန်မာ့ရုပ်ရှင်၏ ဖခင်ကြီးဟု တင်စား ခေါ်ဝေါ်ကြသည့် ဒါရိုက်တာဦးညီပု ရိုက်ကူးခဲ့သော ပထမဆုံး ဂျပန်-မြန်မာ ရုပ်ရှင် ဇာတ်ကားဖြစ်ပြီး ဂျပန်တွင်ရောက်ရှိခဲ့သည့် ဒါရိုက်တာဦးညီပုနှင့် ဂျပန်နိုင်ငံ PCL ကုမ္ပဏီတို့ ပူးပေါင်းမှုအောက်တွင် အတူတကွ ဖန်တီးခဲ့သော ရုပ်ရှင်ဇာတ်ကားဖြစ်သည်။ ဂျပန်နိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာလူငယ်တစ်ဦးနှင့် ဂျပန်မိန်းမပျို တစ်ဦးတို့၏ ချစ်ခြင်းမေတ္တာကို ဖော်ကျူးထားသော ရုပ်ရှင်ဇာတ်ကားဖြစ်သည်။ ထိုအချိန်က မြန်မာနိုင်ငံတွင် အကြီးအကျယ် ရေပန်းစားခဲ့သော ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်သည်။
စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံ အမတ်ကြီး H.E. Mr. Ichiro MARUYAMA တို့က အမှာစကားပြောကြားသည်။
ယင်းနောက် ဂျပန်သံရုံး ဒုတိယအတွင်းဝန် Mr. Akihito Horiguchi နှင့် ဂျပန်အမျိုးသားမော်ကွန်းတိုက်ရှိ ပြတိုက်မှူး Mr. Yoshirolrie တို့က “ဂျပန်ရင်သွေး” ရုပ်ရှင်ဇာတ်ကားနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး IMAGICA Lab မှ President and CEO Mr. Katsumi Obayashi က အမှာစကားပြောကြားသည်။
ထို့နောက် အေဝမ်းရုပ်ရှင်ထုတ်လုပ်ရေးမှ ဒါရိုက်တာ ဦးသိန်းထွဋ်နှင့် Save Myanmar Film မှ ဒါရိုက်တာ ဦးဥက္ကာ တို့က ကျေးဇူးတင်စကား ပြောကြားကြပြီး စာနယ်ဇင်းများ၏ သိရှိလိုသည်များကို တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဖြေကြားကြသည်။
(သတင်းစဉ်)


