ရန်ကုန်  ၁၈   ဇူလိုင် 

 

မြန်မာ့စွယ်စုံကျမ်းများ ပြန်လည်ထုတ်ဝေရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က  မြန်မာ့စွယ်စုံကျမ်းများ ပြန်လည်ထုတ်ဝေရေးအတွက် ပြင်ဆင်စိစစ်နေသည်မှာ ကာလအတော်ကြာနေပြီဖြစ်ပါကြောင်း၊ တစ်ဖက်မှာလည်း အမှားအယွင်း ကင်းစင်ပြီး ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်နေသည်ဟုမြင်ပါကြောင်း၊ မြန်မာ့စွယ်စုံကျမ်း ပထမတွဲ ပြီးစီးခါနီး အခြေအနေ ရောက်နေပြီဖြစ်ရာ  ယင်းအခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာ့စွယ်စုံကျမ်းများ ပြန်လည်ထုတ်ဝေရေး ဦးဆောင်ကော်မတီ နာယက ဦးသိန်းထွန်း၊ ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)နှင့် ကော်မတီ အတွင်းရေးမှူး ဒေါက်တာစန်းဝင်းတို့က မြန်မာ့စွယ်စုံကျမ်း ပထမတွဲ (က မှ ကုတ်) အထိ ပြီးစီးမှု အခြေအနေများ၊ ပညာရှင်များ၏ ထောက်ညွှန်ချက်များနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဆွေးနွေး တင်ပြကြသည်။

 

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က   ပြန်လည်ဖြည့်စွက် ဆွေးနွေးသည်။

 

မြန်မာ့စွယ်စုံကျမ်း  ပထမတွဲ (က-ကုံ)ကို ၁၉၅၄ ခုနှစ်တွင် မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်း (စာပေဗိမာန်)က ပထမအကြိမ် ထုတ်ဝေခဲ့ပြီး ၁၉၇၀ ခုနှစ်တွင် ဒုတိယအကြိမ် ထုတ်ဝေခဲ့သည်။

 

၂၀၁၉ ခုနှစ်တွင် မြန်မာ့စွယ်စုံကျမ်း ပထမတွဲ (က-ကုတ်)ကို ထပ်မံဖြည့်စွက် တည်းဖြတ် ပြင်ဆင်ပြီး ပြန်ကြားရေးဝန်ကြီးဌာန စာပေဗိမာန်နှင့် ထွန်းဖောင်ဒေးရှင်းတို့ ပူးပေါင်း ထုတ်ဝေ ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)