မန္တလေး ၁၈ ဇူလိုင်
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်တို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဇူလိုင် ၁၆ ရက်နေ့မှစ၍ အိမ်ထောင်စုပေါင်း ၇၅၀ ကျော်နှင့် လူဦး ၃၆၀ဝ ကျော် ရေဘေးသင့်ခံစားနေရကြောင်း မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအေးမင်းသူက ပြောကြားသည်။
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံအလယ်ပိုင်း၌ မိုးရွာသွန်းမှု နည်းပါးသော်လည်း အထက်ပိုင်းဒေသများမှ မိုးရွာသွန်းမှုများကြောင့် ဧရာဝတီမြစ်ရေသည် ဇူလိုင် ၁၃ ရက်မှစ၍ တရိပ်ရိပ်မြင့်တက်လာကာ ဇူလိုင် ၁၅ ရက်နှင့် ၁၆ ရက်နေ့များတွင် မြေရေတိုးမှုများ ပိုမိုဖြစ်ပေါ်ကာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သပိတ်ကျင်းမြို့နယ်နှင့် စဉ့်ကူးမြို့နယ်များအတွင်းရှိ ကျေးရွာများတွင် မြစ်ရေဝင်ရောက်မှုများ စတင်ဖြစ်ပေါ်လာကြောင်း သိရသည်။
''ကျွန်တော်တို့ဌာနအနေနဲ့ ဒီရေဘေးသင့်ကျေးရွာတွေကို ဇူလိုင် ၁၇ ရက်ကစပြီး ကျပ်သိန်း ၈၀ ဖိုးဝန်းကျင်ရှိ ဆန်ရိက္ခာတွေ တစ်ပတ်စာ သွားရောက်ထောက်ပံ့ခဲ့ပြီးဖြစ်ပါတယ်။ မြစ်ရေက လျော့ကျမသွားပဲ ဆက်ပြီးတိုးနေမယ်ဆိုရင် ထောက်ပံ့ကူညီမှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့အနေနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ ဆောင်ရွက်နေရ တာတွေ ရှိသလို ဌာနရဲ့ လမ်းညွှန်မှုနဲ့အညီ သဘာဝဘေးအန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့ ပြည်သူတွေကို အချိန်နဲ့ တစ်ပြေးညီ သွားရောက်ကူညီဆောင်ရွက်ပေးနေပါတယ်''ဟု ၎င်းက ပြောသည်။
အဆိုပါမြစ်ရေဝင်ရောက်မှုကြောင့် သပိတ်ကျင်းမြို့နယ်နှင့် စဉ့်ကူးမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ ဒေသခံပြည်သူများအား ဇူလိုင် ၁၇ ရက်မှစ၍ ရေလွတ်ရာသို့ ပြောင်းရွေ့ပေးနေပြီး အကယ်၍ မြန်မာနိုင်ငံ အလယ်ပိုင်း၌လည်း မိုးရွာသွန်းမှုများ ဖြစ်ပေါ်လာပါက ယခုထက်ပို၍ ရေဘေးအန္တရာယ်ကို ခံစားရနိုင်ကြောင်း ၎င်းက ဆက်လက်သုံးသပ် ပြောဆိုသည်။
လက်ရှိအခြေအနေတွင် ဧရာဝတီမြစ်ရေသည် ဇူလိုင် ၁၈ ရက်နေ့ ညနေ ၅ နာရီ တိုင်းထွာချက်များအရ ၁၂၂၂ စင်တီမီတာသို့ ရောက်ရှိနေပြီး မန္တလေးမြို့၏ စိုးရိမ်ရေမှတ်မှာ ၁၂၆၀ စင်တီမီတာ ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)
ဓာတ်ပုံ- စဉ့်ကူးမြို့နယ်မီးသတ်တပ်ဖွဲ့


