ရန်ကုန် ၁၈ ဇူလိုင်
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီ ဒသမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းရှိ ကမ္ဘောဇရိပ်သာ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူးရေးနှင့် ပတ်သက်သည့် ဇာတ်ညွှန်းပိုင်းဆိုင်ရာကိစ္စများ ပြီးပြည့်စုံသလောက်ဖြစ်ပြီး ဇာတ်ညွှန်းကိုအခြေပြုသည့် ဝတ်စားဆင်ယင်မှုကိစ္စများလည်း အသက်ဝင်လာပြီဖြစ်ကြောင်း၊ ပစ္စည်းစုဆောင်းမှုများလည်း စတင်နေပြီဟု သိရကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များလည်း အတိုင်းအတာတစ်ခုအထိ ခရီးရောက်ရှိနေပြီဟု သိရှိရပါကြောင်း။
ကျန်ရှိနေသေးသည့် သရုပ်ဆောင်ပိုင်းဆိုင်ရာ ပုဂ္ဂိုလ်များရွေးချယ်ရေး၊ ရိုက်ကွင်းနေရာများ အပြီးသတ်သတ်မှတ်ရေး၊ အခန်းစဉ်ကွဲလွဲသော်လည်း တစ်ကြိမ်တည်းနှင့် အပြီးအပြတ်ရိုက်ကူးနိုင်မည့် နေရာများ ကြိုတင်စိစစ် စီစဉ်ထားရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆုံးဖြတ်ခြင်းနှင့် ဆောင်ရွက်ခြင်းလုပ်ငန်းများကို တစ်ပြိုင်နက် ဟန်ချက်ညီစွာ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်း ကော်မတီအတွင်းရေးမှူး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ လုပ်ငန်းကော်မတီ တွဲဖက် အတွင်းရေးမှူး-၂ ဦးလူမင်းက ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်ရေး နှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဆပ်ကော်မတီများနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြကြပြီး ဒုတိယဝန်ကြီး ဦးကြည်မင်းက နိဂုံးချုပ်အမှာစကားပြောကြားသည်။
သတင်းစဉ်


