စစ်ကိုင်း ၁၈ ဇူလိုင်
စစ်ကိုင်းမြို့၊ ဧမြဝတီရပ်ကွက်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ရွှေ့ပြောင်းနေထိုင်ကြမည့် ရေဘေးသင့် အိမ်ထောင်စုအချို့မှာ နေထိုင်သန့်ရှင်းမှု မရှိသဖြင့် ဘုန်းကြီးကျောင်းများမှ လက်မခံတော့ကြောင်း ဧမြဝတီရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
ဧမြဝတီရပ်ကွက်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရပ်ကွက်အတွင်းရှိ လူနေအိမ်အချို့ နှစ်စဉ် ဘုန်းကြီကျောင်းများနှင့် ရပ်ကွက်အဝင်လမ်းမကြီးလမ်းဘေးဝဲယာသို့ ရွှေ့ပြောင်းနေထိုင်ရကြောင်း၊ ယင်း ဘုန်းကြီးကျောင်းများသို့ ရွှေ့ပြောင်းနေထိုင်သည့် ရေဘေးသင့်အိမ်ထောင်စုအချို့မှာ နေထိုင်မှု သန့်ရှင်းမှုမရှိသဖြင့် ယခုနှစ်တွင် ဘုန်းကြီးကျောင်းများမှ လက်မခံတော့ကြောင်း ဧမြဝတီ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းက ပြောသည်။
''သန့်ရှင်းမှု မရှိတော့ ဘုန်းကြီးကျောင်းတွေက မထားချင်တော့ဘူး။ ကျွန်တော်တို့ အနေနဲ့က ရေဘေးလွတ်ရာရွှေ့ပြောင်းနေထိုင်တဲ့ အိမ်ထောင်စုတွေကို စနစ်တကျဖြစ်ဖို့ ကြပ်မတ်တယ်၊ အမှိုက်ပုံးတွေထားတယ် စည်းကမ်းမရှိဘူး မစင်စွန့်ပစ်တဲ့ နေရာမှာလည်း အိမ်သာတွေ ဆောက်ပေးသော်လည်း သန့်ရှင်းမှု မရှိတော့ ဘုန်းကြီးကျောင်းတွေက လက်မခံတော့ဘူး။ ကျွန်တော်တို့ ဘုန်းကြီးကျောင်းတွေကို သွားလျှောက်ပါဦးမယ်။ လျှောက်လို့မှ ထားခွင့်ရဆိုထားပေးမယ်။ တကယ်လို့ မရဘူးဆိုလည်း လမ်းဘေးဝဲယာမှာ ထားပေးရမယ် အခက်အခဲတော့ ရှိကြမယ်။'' ဟု ၎င်းက ပြောသည်။
စစ်ကိုင်းမြို့ ဧမြဝတီရပ်ကွက်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် လူနေအိမ်အချို့ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင် နေရကြောင်း၊ နေထိုင်ရာအခက်အခဲဖြစ်ပေါ်နေသည့် အိမ်ထောင်စုများကို နေရာချထားပေးနိုင်ရန်အတွက် အစေခံ၊ ခံတပ်၏ မြောက်ဘက် ဆေးရုံဝန်ထမ်းအိမ်ရာဘေးတွင် ယနေ့ နံနက်ပိုင်းအချိန်က မြေနေရာရှင်းလင်းမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
''ခါတိုင်းဆို ရေက အောက်ကနေ ပြန်ကျသွားတာ။ ဒီနှစ်ကျ တစ်နေ့ တစ်နေ့ ရေက တစ်တောင်လောက် တက်လာတော့ လူတွေက နေလို့ မရတော့ဘူး။ ဒီနှစ် ဘုန်းကြီးကျောင်းတွေက လက်မခံဘူးဆိုတာက နေတဲ့ လူတွေက မကောင်းလို့ ရန်ဖြစ်ကြတာတို့ ညစ်ညစ်ပတ်ပတ်နေကြတော့ တစ်နှစ်နဲ့အကြာမှာ ဘုန်းကြီးတွေက ဝင်းခတ်ပြီး ပိတ်ပစ်လိုက်တာ'' ဟု ဧမြဝတီရပ်ကွက်မှ ဒေသခံ ဦးချိုလုံးက ပြောသည်။
စစ်ကိုင်းမြို့၏ ဧရာဝတီမြစ်ရေ အမြင့်ဆုံး စိုးရိမ်ရေအမှတ်မှာ (၁၁၅၀) စင်တီမီတာဖြစ်ပြီး ယနေ့ နံနက် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ၁၀၈၃ စင်တီမိတာသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း စစ်ကိုင်းခရိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
လူအောင်(ကသာ)


