ရေစကြို ၁၉ ဇူလိုင် 


ပခုက္ကူခရိုင် ရေစကြိုမြို့နယ်ရှိ ကျေးရွာအချို့ကို ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ကြိုတင်ဆောက်ရွက်ခဲ့သဖြင့် ကမ်းပြိုမည့် အန္တရာယ် လျော့နည်းသက်သာလာပြီဖြစ်ကြောင်း  ကျေးရွာအုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

 

1

 


၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး ငွေလုံးငွေရင်းဖြင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ချင်းယား၊ ဆင်တဲ၊ ဗလဘတို့နှင့် တိုင်းဒေသကြီးအရေးပေါ် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း အနေဖြင့်ဆောင်ရွက်လျက်ရှိသော နန်းဦး၊ မြေတော်ကျေးရွာတို့တွင် လုပ်ငန်းများ ၁၀ဝ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်သဖြင့် အချို့ ကျေးရွာများတွင် ကမ်းပြိုမှု လျော့နည်းလာပြီ ဖြစ်သည်။ 


“အခုက ကမ်းပြိုကာကွယ်ရေးလုပ်ငန်းတွေ လုပ်ပေးသွားတော့ ကျွန်တော်တို့ ဗလဘရွာမှာ ကမ်းမပြိုတော့ဘူး။ သူတို့လုပ်ပေးသွားသမျှလေးတွေကြောင့် တော်တော်လေးအဆင်ပြေပါတယ်။ ရေလွှဲရေကာ မလုပ်ခင်က လူတွေ အထိတ်ထိတ်အလန့်လန့်နေရတာပေါ့။ အခု ရေလွှဲလုပ်ပေးတော့ အဆင်ပြေသွားတယ်။ ဒီနှစ်မှာ အခုလို ရေလွှဲလုပ်မပေးရင် အခုလောက်ဆို တစ်ရွာလုံးကုန်လောက်ပြီပေါ့။မ နှစ်ကတော့ ရွာရဲ့တစ်ခြမ်းလောက်က ကမ်းပြိုတဲ့အထဲပါသွားတယ်” ဟု ဗလဘကျေးရွာအုပ်ချုပ်ရေးမှူးကပြောသည်။ 


ရေစကြိုမြို့နယ်ရှိ ကျေးရွာအချို့သည် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြားတွင် တည်ရှိသောကြောင့် မြစ်ရေတက်ချိန်များတွင် ကမ်းပြိုလေ့ရှိသဖြင့် လူနေအိမ်များ ဖြိုဖျက်ရွှေ့ပြောင်းရခြင်း၊ စိုက်ပျိုးမြေများ ဆုံးရှုံးရခြင်းတို့ကို နှစ်စဉ်ကြုံတွေ့ရလျက်ရှိသည်။


ကမ်းပြိုသည့် ကျေးရွာများထဲမှ ကမ်းပြိုမှုပြင်းထန်ပြီး ပျက်စီးဆုံးရှုံးမှုများသည့် ကျေးရွာများအား ကမ်းပြိုသက်သာစေရန် ထန်းလုံးအခြေပြု ကမ်းထိန်းနံရံပြုလုပ်ခြင်း၊  ထန်းလုံးရေလွှဲရေကာ ပြုလုပ်ခြင်းစသည့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ 


ရေစကြိုမြို့နယ်တွင် ကမ်းပြိုမှုကြောင့် ၂၀၁၈ ခုနှစ်ဖေဖော်ဝါရီမှ ၂၀၁၉ ခုနှစ် မတ်လအထိ စာရင်းများအရ ကျေးရွာပေါင်း ၁၄ ရွာမှ လူဦးရေ ၁၁၃၉ ဦး၊ အိမ်ထောင်စု ၂၃၆ စု၊ အိမ်ခြေ ၂၂၇ လုံး ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။  အဆိုပါကမ်းပြို ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းများကို ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

 

“ရေလွှဲလုပ်ပေးတာက အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာ မသိသေးဘူး။ တဖြည်းဖြည်း ရေလွှဲကနေ မြေပို့လာရင်တော့ သက်သာလိမ့်မယ်တွက်တာပေါ့။ ရေကာတာမဟုတ်တော့ မပြောတက်ဘူးပေါ့။ ရေလွှဲက အခုမှရိုက်ပြီးတာ တစ်ပတ်လောက်ရှိသေးတယ်။ အောက်ဘက်ပိုင်းကတော့ နည်းနည်းပြိုနေသေးတယ်။ အရင်နှစ်တွေကလောက်တော့ မပြိုတော့ဘူး” ဟု ဆင်တဲကျေးရွာ အုပ်ချုပ်ရေးမှူးကပြောသည်။ 


ဆင်တဲကျေးရွာတွင် ကမ်းပြိုမှုကြောင့် ၁၀နှစ်အတွင်း စိုက်ပျိုးမြေဧက ထောင်ချီကာ ဆုံးရှုံးခဲ့ရသည်ဟု ဆင်တဲကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။ ယခုနှစ် ရေစကြိုမြို့နယ်အတွင်း ကျေးရွာများတွင် ဆောင်ရွက်ပေးသည့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများမှာ အဓိကအားဖြင့် ထန်းလုံးရေလွှဲရေကာများ၊ ကမ်းထိန်းနံရံများကို ဆောင်ရွက်ပေးခြင်းဖြစ်သည်။ ယင်းသို့ဆောင်ရွက်ပေးခြင်းမှာ ကျေးရွာများကမ်းပြိုသက်သာစေရန် ရေကြောင်းပြောင်းပေးခြင်းဖြစ်ကြောင်း သိရသည်။


“ထန်းလုံးရေကာက အဓိကကရေလမ်းကြောင်း ပြောင်းသွားပြဆိုရင် ၁၀ နှစ်လောက်တော့ ရတယ်။ ရေကြောင်းပြောင်းသွားပြီဆိုတာနဲ့ ရေကာရိုက်ထားတဲ့ဘက်မှာ သဲလာပို့တာ။ သဲပို့ပြီဆိုတာနဲ့ ရေကာတွေက မြေထဲမှာမြုပ်သွားမှာပါ။ ကမ်းမပြိုတော့ရင် အိမ်တွေလည်း ထပ်ရွှေ့စရာမလိုဘူး စိုက်ပျိုးမြေတွေလည်း ပြန်ပေါ်လာတာပေါ့” ဟု ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်အင်ဂျင်နီယာ ဦးသက်စိုးထိုက်က ပြောသည်။ မကွေးတိုင်းဒေသကြီး၏ ကမ်းပြိုထိန်းသိမ်းကာကွယ်ရေး၏ နှစ်စဉ်ဘတ်ဂျက်တစ်ဝက်လောက်မှာ ရေစကြိုမြို့နယ် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများအတွက် အသုံးပြုနေရခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဟန်ထံက သိရသည်။


ရေစကြိုမြို့နယ်အတွင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ထပ်မံဆောင်ရွက်ရန် ကျေးရွာ ၈ ရွာခန့် ကျန်ရှိနေသေးကြောင်း သိရပြီး တိုင်းဘက်ဂျရရှိသည့် အပေါ်မူတည်ကာ ဆက်လက် ဆောက်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 


မြန်မာနိုင်ငံတွင် လက်ရှိအချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် မြစ်ရေတက်ခြင်းနှင့် ရေကြီးခြင်းများ ကြုံတွေ့နေရသည်။


အိမွန်ဆွေ(ရေစကြို)