ပေါင်
၂၀၁၉ ခုနှစ် ( ၇၂ )နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ဇူလိုင် ၁၉ ရက် နံနက် ၅ နာရီက ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူးကာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး ရေစက်သွန်းအမျှပေးဝေခဲ့ကြသည်။
ယင်းနောက် ( ၇၂ )နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ပေါင်မြို့နယ်ရှိ အာဇာနည်အထိမ်းအမှတ် ကျောက်တိုင်ရှေ့၌ ကျင်းပရာ ပေါင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးဆွေ၊ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ပြည်သူလူထုများတို့က အာဇာနည် ကျောက်တိုင်၌ လွမ်းသူပန်းခွေချအလေးပြုခြင်းနှင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် နှစ်မိနစ်ခေတ္တငြိမ်သက်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုဟိန်း(ပေါင်)
ယင်းမာပင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူများသည် မြန်မာနိုင်ငံတော်ကြီးကို လွတ်လပ်ရေးရအောင် သက်စွန့်ကြိုးပန်းဆောင်ရွက်ခဲ့ကြသော ဗိုလ်ချူပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်ဆောင်ကြီးများ ကျဆုံးခဲ့သော ဇူလိုင် ၁၉ ရက်နေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့ နှစ်(၇၂)ပြည့် အာဇာနည်နေ့ အခမ်းအနားကို ယင်းမာပင်မြို့ ပြည်သူ့အားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
နံနက် ၇ နာရီခွဲတွင် ပြည်သူ့အားကစားကွင်းတွင် ကျဆုံးလေပြီးသော ဗိုလ်ချူပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့က သေနတ်မြေစိုက်အလေးပြုခြင်း၊ ခရာမှုတ်ခြင်း၊ ဝမ်းနည်းကြောင်းအထမ်းအမှတ်အဖြစ် နိုင်ငံတော်အလံကို တိုင်တစ်ဝက်လျော့ချ အလေးပြုခြင်းနှင့် တစ်မိနစ် ငြိမ်သက်ခြင်းများကို ဂါရဝပြုခဲ့ကြသည်။
သန်းဌေးအောင်(ကနီ)
ရှမ်းရွာသစ်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးကျင်းပ၍ (၇၂)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရှမ်းရွာသစ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ရှမ်းရွာသစ်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးလွင်က ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်တို့တွင် စာစီစာကုံးပြိုင်ပွဲ၊ ဗိုလ်ချုပ်ပုံတူပန်းချီပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ဆုရရှိသောကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့သည်။
ဝေဠု (ပြန်/ဆက်)
သံတောင်
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် (၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က သံတောင်မြို့ ပသိခန်းမဘေးရှိ လွတ်လပ်ရေးကျောက်တိုင်၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံတော်အလံကို ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တိုင်ဝက်သို့လျှော့ချလွှင့်ထူကာ အလေးပြုခဲ့ကြသည်။ ဆက်လက်၍ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်းကြီးများအား ရည်စူး၍နှစ်မိနစ် ငြိမ်သက်စွာ နေခဲ့ကြသည်။
ထို့နောက် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ် လွမ်းသူပန်းခွေများကို သက်ဆိုင်ရာဌာန အသီးသီးများ ပါတီနိုင်ငံရေးအသင်းအဖွဲ့များနှင့် NGO အသင်းအဖွဲ့များက ယူဆောင်လာပြီး အလေးပြုခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)
ရေနံချောင်း
၂၀၁၉ ခုနှစ် ဇူလိုင် ၁၉ ရက် ယနေ့တွင် ကျရောက်သော (၇၂)နှစ်မြောက် အားဇာနည်နေ့ အထိမ်းအမှတ် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်း အား လွမ်းဆွတ်တမ်းတသောအားဖြင့် လွမ်းသူ့ပန်းခွေချခြင်းနှင့် အလေးပြုခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရေနံချောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းရှိ အာဇာနည်ခေါင်း ဆောင်ကြီးများ လုပ်ကြံခံရသည့်နေ့တွင် အပြီးတည်ဆောက်ခဲ့သည့် အာဇာနည်ကျောက်တိုင်ရှေ့တွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဂုဏ်ပြုတပ်ဖွဲ့နှင့်တက်ရောက်လာသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီး သော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းအား အလေးပြုကြသည်။ ထို့နောက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် နှစ်မိနစ်ငြိမ်သက်ခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက လွမ်းသူ့ပန်းခွေချခြင်းများ ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပြည်သူများ တက်ရောက်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန် ထမ်းများမှ အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦး၏ ကိုယ်ရေးအကျဉ်းစာအုပ်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုစိုးကြီး
ကျောက်မဲ
၇၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ အမှတ် ၁ ရပ်ကွက်၊ ပင်လုံလမ်းပေါ်ရှိ ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့၌ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၈ နာရီ အချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ နိုင်ငံတော်အတွက် အသက်ပေးလှူသွားခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူး၍ နံနက် ၅ နာရီခွဲ အချိန်တွင် ကျောက်မဲမြို့ ကျက်သရေဆောင်ခန်းမ၌ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တ ပညာဝံသ အမှူးပြုသော သံဃာတော် ၁၁ ပါးတို့ကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော် နှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများက အရုဏ်ဆွမ်းဆက်ကပ်ပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ စုပေါင်းလှူဒါန်းကာ ကုသိုလ်ကောင်းမှု အစုစုတို့ကို ရေစက်သွန်းချ အမျှဝေပေးခဲ့သည်။
ယင်းနောက် နံနက် ၈ နာရီ အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့၌ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများက နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား ဦးညွတ်ဂါရဝပြုခဲ့ကြပြီး အဖွဲ့အသီးသီးမှ လွမ်းသူ့ပန်းခွေများချခဲ့ကြသည်။
(ခရိုင်ပြန်/ဆက်)
မယ်စဲ့
(၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ကယားပြည်နယ်၊ မယ်စဲ့မြို့ မြို့နယ်ခန်းမရှေ့ကွင်းပြင်၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးလှမျိုးထွန်းနှင့် တက်ရောက်လာကြသူများက နိုင်ငံတော် အလံအလေးပြုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းနှင့် နှစ်မိနစ်ငြိမ်သက်ခြင်းများ ပြုလုပ်ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းသူပန်းခွေချ၍ ဂါရဝပြုကြသည်။
ထို့နောက် (၇၂)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ကာတွန်း၊ ကဗျာရွတ်ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများ ချီးမြှင်ခဲ့ပြီး ပြန်/ဆက်ဦးစီးဌာနမှ အာဇာနည်နေ့အမှတ်တရစာအုပ်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)
ရေစကြို
ရေစကြိုမြို့နယ်တွင် ယနေ့ကျင်းပပြုလုပ်သည့် (၇၂)နှစ်မြောက် အာဇာနည်နေ့ လွမ်းသူ့ပန်းခွေချ အလံတင်အလေးပြု အထိမ်းအမှတ် အခမ်းအနားကို လွတ်လပ်ရေးပန်းခြံအတွင်းရှိ ဇူလိုင် ၁၄ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုရှေ့တွင် ပထမဆုံးအကြိမ်မြောက် အဖြစ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ ၊ နိုင်ငံရေးပါတီဝင်များ ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများမှ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကာ လွမ်းသူ့ပန်းခွေချဂါရဝပြုခဲ့ကြကြောင်း သိရသည်။
အိမွန်ဆွေ(ရေစကြို)


