ကျောက်ဖြူ ၁၉ ဇူလိုင်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ရမ္မာဝတီခန်းမတွင် (၇၂) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ လွတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ပါတီအသီးသီးမှ ကိုယ်စားလှယ်များ၊ ခရိုင်ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်မီးသတ်တပ်ဖွဲ့များ၊ ပညာရေးဌာနမှ ဆရာမဆရာမများ၊ ပညာရေးကောလိပ်မှ သင်တန်းသား/သင်တန်းသူများ၊ အစိုးရစက်မှု လက်မှုသိပ္ပံကျောင်းမှ ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား (၃၅၀) ခန့် တက်ရောက်ကာ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းသူ့ပန်းခွေများနှင့်အတူ အလေးပြုခြင်းခမ်းအနားကို ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာနမှ အခမဲ့ထုတ်ဝေသော အာဇာနည်နေ့ အမှတ်တရ (၁၉ ဇူလိုင် ၁၉၄၇ - ၁၉ ဇူလိုင် ၂၀၁၉) စာအုပ်အား ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခမ်းအနား တက်ရောက်လာကြသူများအား ဖြန့်ဝေပေးခဲ့သည်။ ထိုနောက် ခရိုင်ရဲတပ်မှူးရုံး ဂုဏ်ပြုတပ်ဖွဲ့မှ ဦးဆောင်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တစ်ကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုကာ အောင့်မေ့သတိရသောအားဖြင့် အခမ်းအနား တက်ရောက်သူအားလုံး (၂) မိနစ် ငြိမ်သက်စွာနေကြသည်။
ဆက်လက်၍ ကျောက်ဖြူခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌမှ ဦးဆောင်၍ ဌာနအသီးသီးနှင့် ပါတီအသီးသီးမှ လွမ်းသူ့ပန်းခွေများဖြင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကြသည်။
ဆက်လက်ပြီး (၇၂) နှစ်မြောက် အာဇာနည်နေ့ အထမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်း အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသော အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူသုံးဦးအား အမှတ် (၂) ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးဖိုးစံ၊ အလယ်တန်းအဆင့် စာစီးစာကုံးပြိုင်ပွဲတွင် ဆုရရှိသူ သုံးဦးအား ကျောက်ဖြူခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသန်းထွဋ်ဦး၊ မူလတန်းအဆင့် စာစီးစာကုံးပြိုင်ပွဲ တွင် ဆုရရှိသူ သုံးဦးအား ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး သန့်စင်ဦး တို့က အသီးသီးဆုများ ပေးအပ်ခဲ့ကြသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)


