မိုးညှင်း ၁၉ ဇူလိုင်
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ၂၀၁၉ ခု နှစ်၊ ဇူလိုင် (၁၉) ရက်တွင် ကျရောက်သည့် (၇၂) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အာရုံဆွမ်း ဆက်ကပ်လှူဒါန်းခြင်းနှင့် အာဇာနည်နေ့ အခမ်းအနားကို ယနေ့ နံနက် (၅) နာရီခွဲမှစတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် မြို့တော်ခန်းမတို့၌ ကျင်းပခဲ့ကြသည်။
ရှေးဦးစွာ မိုးညှင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ဦးဆောင်စီစဉ်မှုဖြင့် မြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ သံဃာတော် (၁၆) ပါးကို ပင့်ဖိတ်ပြီး ကျဆုံးအာဇာနည် (၉) ဦးအား ရည်စူး၍ အာရုံဆွမ်း ဆက်ကပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ငါးပါးသီလခံယူ၍ ဆရာတော် သံဃာတော်များက ချီးမြှင့်သည့် ပရိတ်တရားတော်များကို အတူတကွ နာယူခဲ့ကြသည်။
ဆက်လက်၍ (၇၂) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို မြို့တော်ခန်းမ၌ နံနက် ၁၀ နာရီမှ စတင်ကျင်းပရာ အခမ်းအနားသို့ တက်ရောက်လာသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက အစီအစဉ်အလိုက် လွမ်းသူ့ပန်းခွေချ၍ အာဇာနည် (၉) ဦးအား အလေးပြုခဲ့ကြသည်။ မြို့နယ်ရဲတပ်ဖွဲ့မှ ဂုဏ်ပြုတပ်ဖွဲ့ဦးဆောင်မှုဖြင့် နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည့် ၁၀ နာရီ ၃၇ မိနစ် အချိန်တွင် အခမ်းအနား တက်ရောက်လာသူများက ဝမ်းနည်းခြင်း အထိမ်းအမှတ် အနေဖြင့်(၂) မိနစ်ခန့် ငြိမ်သက်ခဲ့ကြကြောင်း သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)


