စစ်တွေ ၁၉ ဇူလိုင်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ (၇၂)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ အာဇာနည်နေ့အခမ်းအနားနှင့် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ခိုင်သဇင်ခန်းမနှင့် ဦးဥတ္တမခန်းမတို့၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နံနက် ၅ နာရီခွဲတွင် ခိုင်သဇင်ခန်းမ၌ အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူးလျှက် စစ်တွေမြို့ပေါ်မှ သံဃာတော်အရှင်သူမြတ်(၉)ပါးတို့အား အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ မေတ္တသုတ်ပရိတ်တရားတော်များနာယူခြင်း၊ လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်းနှင့် မေတ္တာပို့အမျှဝေခြင်းတို့ပြုလုပ်ကြသည်။
ထို့နောက် နံနက် ၁၀ နာရီတွင် အာဇာနည်နေ့အခမ်းအနားနှင့် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲများတွင်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကိုကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက လွမ်းသူ့ပန်းခွေ ချအလေးပြုကြပြီး တက်ရောက်လာကြသူများက ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီး များအား အလေးပြုခြင်းနှင့် ဝမ်းနည်းခြင်းအထိမ်းအမှတ် (၂) မိနစ်ငြိမ်သက်ကြသည်။ ထို့နောက် အာဇာနည်နေ့ ဂုဏ်ပြုဗီဒီယိုမှတ်တမ်းအားပြသပြီး စစ်တွေတက္ကသိုလ် မြန်မာစာဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာ မင်းမော်သန့်နှင့် သမိုင်းဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာ ဥမ္မာထွေးတို့က အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိအကျဉ်းနှင့် အာဇာနည်နေ့အကြောင်းဖတ်ကြားဟော ပြောကြသည်။ ယင်းနောက်(၇၂)မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသူလေးများက အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကိုဖော်ကျူးထား သော ကဗျာများကိုရွတ်ဆိုကြပြီး အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အာဇာနည်နေ့အထိမ်းအမှတ်ပြခန်းနှင့် ဆုရကျောင်းသား၊ ကျောင်းသူများ၏ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းများအား ပြသထားမှုကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။ ထို့အတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စစ်တွေခရိုင်ရုံးမှဝန်ထမ်းများကလည်း အာဇာနည်နေ့အမှတ်တရ လက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်ဇနီး၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ၊ မြို့မိ၊ မြို့ဖများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ လူမှုရေးအဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ ယူအင်၊ အိုင်အင်ဂျီအိုများမှ ကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


