မုံရွာ ၁၉ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဟိုတယ်၊ တည်းခိုရိပ်သာ တည်ဆောက်ခွင့်၊ လုပ်ကိုင်ခွင့်၊ သက်တမ်း တိုးခွင့်၊ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်လုပ်ငန်း လုပ်ကိုင်ခွင့် သက်တမ်းတိုးခွင့်များကို ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီ (စစ်ကိုင်းတိုင်းဒေသကြီး)တွင် လျှောက်ထားလုပ်ကိုင်နိုင်ပြီ ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရသည်။
“အခုလိုဖြေလျော့ပြီး တိုင်းဒေသကြီးအဆင့်မှာတင် လုပ်ကိုင်ခွင့်ရတဲ့အတွက် နေပြည်တော်ကို သွားရတဲ့အချိန်ကုန်သက်သာသွားတယ်၊ ငွေကုန်ကျမှု သက်သာတယ်၊ တိုင်းဒေသကြီးမှာလည်း ဒီလုပ်ငန်းတွေ ကရရှိတဲ့အခွန်ငွေတွေ တိုးပြီးရတဲ့အတွက် အားလုံးအဆင်ပြေတယ်၊ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ (စစ်ကိုင်းတိုင်းဒေသကြီး)မှ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အဖွဲ့ဝင်၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူး စုစုပေါင်း (၁၃)ဦးပါတယ်၊ ကျွန်တော်တို့ တိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနက အတွင်းရေးမှူး တာဝန်ဖြစ်တယ်၊ အဲဒိလုပ်ကိုင်ခွင့်လျှောက်ထားမှုကိုလည်း ကျွန်တော်တို့ဦးစီးဌာနမှာ ပဲလာပြီးလျှောက်ထားနိုင်တယ်၊ အချက်အလက်ပြည့်ပြည့်စုံစုံနဲ့ပေါ့" ဟု စစ်ကိုင်း တိုင်းဒေသကြီးဟိုတယ်နှင့်ခရီး သွားညွှန်ကြားမှုဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဦးသိန်းလွင်က ပြောသည်။
ယခင်က အဆိုပါလုပ်ငန်းများကိုဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန(နေပြည်တော်)တွင် သွားရောက်လုပ်ကိုင်ရခြင်းဖြစ်ပြီး ယခုအခါတွင် ဖြေလျော့သည့်အနေဖြင့် ၄င်းလုပ်ငန်းများကို ၂၀၁၉ ခုနှစ်ဧပြီလ အတွင်းက ကြေညာချက်အမှတ် (၉/၂၀၁၉)ဖြင့် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ(စစ်ကိုင်းတိုင်းဒေသကြီး) ကို ဖွဲ့စည်းလုပ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် ၄င်းတွင် ခရီးလှည့်လည်ရေး လုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများ၊ တည်းခိုရိပ်သာလုပ်ငန်းများ၊ ဧည့်လမ်းညွှန်လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အခြားဝန်ဆောင်မှုလုပ်ငန်းများကို လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


