နေပြည်တော် ၁၉  ဇူလိုင်

ဆောက်လုပ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ပဲခူးရိုးမဖြတ်ကျော် လမ်းဖြစ်သည့် နေပြည်တော် - တောင်ညို - မြို့သစ် - ကံပြား (မကွေး) လမ်းပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးအား မိုင်တိုင်အမှတ် (၂၀/၅ နှင့် ၂၀/၆) ကြားရှိယာယီလမ်း စခန်းရှင်းလင်းဆောင်တွင် ညွှန်ကြားရေးမှူး (မြို့ပြ) ဦးထင်ကျော်က နေပြည်တော် ကောင်စီနယ်မြေအပိုင်းမှ တာဝန်ယူဆောင်ရွက်နေသော လမ်းလုပ်ငန်းများနှင့် လမ်းသားနိမ့်ကျသွားသည့် စုစုပေါင်း (၃၂၆) မီတာအား Maccaferri နည်းပညာဖြင့် System Terramesh / Geo Grid တို့ အသုံးပြု၍ မြေထိန်းနံရံတည်ဆောက်မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ယခုနည်းပညာဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများခိုင်ခံ့ ကောင်းမွန်ပြီး အကျိုးရှိပါက သင်တန်းကျောင်းတွင် ထည့်သွင်းသင်ကြားပေးရန် မှာကြားပြီး မြေထိန်းနံရံ ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မိုင်တိုင်အမှတ် (၅၁/၅နှင့် ၅၁/၆) ကြားရှိ ယင်းချောင်းတံတားသို့  ရောက်ရှိပြီး တံတားကြီး၏ ကြံ့ခိုင်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

 

mdn

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် မကွေးမြို့သို့ရောက်ရှိပြီး မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့်အတူ ပြည်သူ့ဆေးရုံကြီး (မကွေး) ကုတင် (၅၀ဝ)ဆံ့ (၅) ထပ်တိုးချဲ့ဆောင် ဆောက်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည် ။

မကွေးမြို့၊ ပြည်သူ့ဆေးရုံကြီးကုတင် (၅၀ဝ) ဆံ့ (၅) ထပ်တို့းချဲ့ဆောင်အား ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အဆောက်အဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၅) မှ တာဝန်ယူတည်ဆောက် ခြင်းဖြစ်ပြီးအဆောက်အဦ အတိုင်းအတာအနေဖြင့် (ပေ ၂၀ဝ x   ၁၆၁ ပေ x ၆၂ ပေ) ရှိကာ ဆေးရုံအင်္ဂါရပ်နှင့်အညီ မြေညီထပ် (၃၂) ခန်း၊ ပထမထပ်(၂၅)ခန်း၊ ဒုတိယထပ် (၂၁)ခန်း၊ တတိယထပ် (၂၆)ခန်း၊ စတုတ္ထထပ် (၂၂) ခန်းပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။ 

ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော်၊ ဇနီးဒေါ်သွင်သွင်အေးမှီနှင့် ဆောက်လုပ်ရေးဝန်ထမ်းမိသားစုတို့သည်  မကွေးတိုင်းဒေသကြီး ၊ မကွေးခရိုင်၊ နတ်မောက်မြို့ရှိ ဒီပင်္ကရာကျောင်းတိုက်၌(၇၂)နှစ်မြောက် အာဇာနည်နေ့တွင် နိုင်ငံတော်အတွက် အသက်ပေး လှူသွားသည့် အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းခြင်း၊ အလှူငွေပေးအပ်ခြင်းနှင့် အာရုံဆွမ်း ဆက်ကပ်လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ကြ သည် ။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒီပင်္ကရာကျောင်းတိုက်အတွင်းရှိ ရွှေတိဂုံစေတီတော် ပုံတူ (၃၆) ပေအမြင့် မြေပေါက်စေတီတော် တည်ထားကိုးကွယ်မှု၊ မဟာမြတ်မုနိ ဘုရားပုံတော် ကိန်းဝပ်တော်မူရာ ဘုရားဂန္ဓကုဋီတိုက် တည်ဆောက်နေမှုတို့ကိုကြည့်ရှုသည် ။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ အရှည် (၄)မိုင်  (၄)ဖာလုံအနောက် ကျားထူး-ကြူအိုင်-အနောက် လက္ခုပ္ပင်-အနောက်ဂွေးချိုကျေးလက်လမ်း၊ မြေသားလမ်း ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည် ။

အနောက် ကျားထူး- ကြူအိုင်- အနောက် လက္ခုပ္ပင်- အနောက်ဂွေးချို ကျေးလက်လမ်းသည် အရှည်(၄)မိုင်(၄)ဖာလုံရှိပြီးကျေးရွာ (၄)ရွာ၊ အိမ်ခြေ(၉၈၅)အိမ်၊ လူဦးရေ(၄၉၆၈)ဦး တို့အား အကျိုးပြုမည်ဖြစ်ပြီးအဆိုပါ လမ်းအပိုင်း ပြီးစီးသွားပါက ဒေသခံပြည်သူများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတို့ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာစေမည် ဖြစ်သည် ။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပညာရေးကဏ္ဍ တိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိသည့် ကြူအိုင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း (ခွဲ) ဆောက်လုပ်နေမှုကို ကြည့်ရှုပြီးကျောင်းသား/ကျောင်းသူလေးများအား အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။

(သတင်းစဉ်)