မကွေး ၁၉ ဇူလိုင်

မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ နွေရာသီသောက်သုံးရေ ရှားပါးပြတ်လပ်မှု မရှိစေရေးအတွက်၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ပူးပေါင်း၍ အပူပိုင်းဇုန် ကျေးလက်ရေရရှိရေး စီမံကိန်းဖြင့် သောက်သုံးရေရရှိရေး လုပ်ငန်းခုနစ်ခုကို ဆောင်ရွက်ပေးလျက်ရှိကြောင်း တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံရဲ့ အပူပိုင်းဇုန်အတွင်းမှာရှိတဲ့ တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး နှစ်စဉ်နှစ်တိုင်းလိုလို ရေရှားပါးမှု တွေကြုံတွေ့ရတဲ့ တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်မှာတော့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ပူးပေါင်း၍ အပူပိုင်းဇုန် ကျေးလက်ရေရရှိရေး စီမံကိန်းဖြင့် ယခင်နှစ်က ရေရှားပါးလို့ ရေပေးဝေခဲ့ရသော ကျေးရွာတွေနဲ့ အခြားရေရှားပါးနိုင်သည့် ကျေးရွာတွေဖြစ်တဲ့ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာနှင့် မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာတို့တွင် စက်ရေတွင်း ခုနစ်တွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို ယခုနှစ်နွေရာသီ မတိုင်မီက စတင်ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိအချိန်မှာတော့ ၉၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်က ပြောပြ၍ သိရသည်။

 

mdn

 

အဆိုပါကျေးရွာခုနစ်ရွာ၌ စက်ရေတွင်း ခုနစ်တွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းနှင့် အမြင့်တင် ရေစင်တည်ဆောက်ခြင်းနှင့် ရေစက်ရုံ တည်ဆောက်ခြင်းများကို ဆောင်ရွက်ပေးပြီး ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ တွင်းကာပိုက်နှင့် ရေထုတ်ပိုက်များ၊ ရေမြှုပ်ပန့်နှင့် ဆက်စပ်ပစ္စည်းများ၊ အင်ဂျင်၊ ဒိုင်နမို တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးဖြစ်ကြောင်း၊ လုပ်ငန်းအားလုံးအတွက် စုစုပေါင်းငွေကျပ် ၁၄၆ ဒသမ ၈၅၃ သန်း ကုန်ကျခံ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ ရေရရှိရေးလုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးပါက ကျေးရွာခုနစ်ရွာရှိ အိမ်ခြေ (၁၃၃၆)၊ လူဦးရေ ၇၇၉၁ ဦး နှင့် ကျွဲ၊ နွား တိရစ္ဆာန်တို့အတွက် နွေရာသီသောက်သုံးရေများ လုံလုံလောက်လောက် ရရှိနိုင်မှာဖြစ်ကြောင်း သိရသည်။

သန်းလွင်(မကွေး)

 

mdn