ရန်ကုန် ၁၉ ဇူလှိုင်
နိုင်ငံနှင့်တစ်ဝှမ်း ရာသီတုပ်ကွေးရောဂါ A(H1N1) pdm 09 ဖြစ်ပွားမှုကြောင့်ယခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ဇူလှိုင် ၁၇ ရက်နေ့ထိ ရန်ကုန်တိုင်းဒေသကြီးရှိ သင်္ဃန်းကျွန်းမြို့နယ်တွင် သေဆုံးလူနာ (၁) ဦး၊ လှည်းကူးမြို့နယ်တွင်သေဆုံးလူနာ (၁)ဦး၊ ထောက်ကြန့် မြို့နယ်တွင် သေဆုံးလူနာ (၁)ဦး တိုးလာနေခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ယခုရက်အတွင်း သေဆုံးလူနာ (၄၆) ဦးအထိ တိုးလာပြီးဖြစ်ကြောင်းနှင့် နိုင်ငံနှင့်တစ်ဝှမ်း သေဆုံးလူနာသည် ဇူလှိုင် ၁၇ ရက်နေ့အထိ (၅၉) ဦးရှိပြီဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၏ ဓာတ်ခွဲအတည်ပြု ပြောကြားချက်အရ သိရသည်။
"ယခုရာသီတုပ်ကွေးရောဂါ A(H1N1)pdm 09 ကြောင့် သေဆုံးမှုများသည် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၏ ဓာတ်ခွဲအတည်ပြု စာရင်းများအရ နေ့စဉ်ရက်ဆက် ဖြစ်ပေါ်နေပြီး ရောဂါပိုး တွေ့ရှိသူဦးရေ နှင့် သံသယကြောင့် စစ်ဆေးခံရသူ ဦးရေလည်း တိုးတက်များပြားနေပါတယ်။ အခုအခါမှာ သေဆုံးတဲ့သူတွေလည်းရှိနေတယ်။ အသက်အရွယ်ကြီးရင့်သူတွေ၊ အသက်ငယ်လွန်းတဲ့သူတွေ၊ ဆီးချိုရောဂါ၊ သွေးတိုး၊ နှလုံးရောဂါ၊ အသက်ရှူလမ်းကြောင်းရောဂါနဲ့ မွေးရာပါရောဂါအခံရှိသူတွေ များတယ်။ ကနဦး ရိုးရိုးတုပ်ကွေးရောဂါဖြစ်ပွားရာမှ ကိုယ်ခံအားနည်းနေမှုကြောင့် A(H1N1)pdm 09 အဖြစ် ပြောင်းလဲ ဖြစ်ပွားနေတာကြောင့် ကိုယ်ခံအားကောင်းအောင် နေထိုင်ကြပါ။ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဦးစားပေး လုပ်ဆောင်ကြပါ အိမ်ရေးဝဝ အိပ်ကြပါလို့ပဲ ပြောလိုပါတယ်။ ကိုယ်ခံအား နည်းတော့ရောဂါဝင်တာပေါ့။ အဓိကကတော့ ကိုယ်ကိုတိုင်ကစပြီး ကာကွယ်ဖို့လိုပါတယ်။ ဒါဆိုပတ်ဝန်းကျင်ကို မပြန့်ပွားတော့ဘူးပေါ့။" ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ (နေပြည်တော်) ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ခင်ခင်ကြီးက ပြောသည်။
ယင်းကြောင့် သန့်ရှင်းမှုအတွက် တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် အပြင်မှပြန်ရောက်၍သော်လည်းကောင်း မကြာခဏဆိုသလို လက်ကိုဆပ်ပြာဖြင့်ဆေးကြောသန့်စင်ခြင်း၊ အစားအသောက် မှန်မှန်စားသုံးခြင်း၊ အိပ်ရေးဝ၀အိပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနှင့် ချွေးပြန်စေသော လှုပ်ရှားမှုများ နေ့စဉ်အချိန်ပိုင်းတစ်ခုအနေဖြင့် ဆောင်ရွက်ခြင်း၊ ခြင်ကိုက်မခံခြင်းနှင့် ရောဂါကူးစက်မှု၊ ပြန့်ပွားမှုမရှိစေရန် လူကြားတွင် တုပ်ကွေးဖြစ်နေလျင် Mark (နှာခေါင်းစည်း) များတပ်ကာ သွားလာခြင်းတို့ဖြင့် ဆောင်ရွက်သင့်ပါကြောင်း၊ ဂရုပြုလိုက်နာရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ တာဝန်ခံ ဆရာဝန်ကြီးများမှ လမ်းညွှန်မှာကြားထားကြောင်း သိရှိရသည်။
ယခုအခါတွင်နိုင်ငံနှင့်တစ်ဝှမ်း ရာသီတုပ်ကွေးရောဂါ A(H1N1) pdm 09 သံသယဖြင့် ဓာတ်ခွဲစစ်ဆေးသူ (၇၀၇) ဦးထိရှိလာပြီး ပိုးတွေ့လူနာသည် (၂၉၆) ဦးရှိပြီး ယခင်ထက် တိုးတက်လာနေကြောင်း သိရသည်။ ယင်းတွင် ရာသီတုပ်ကွေးရောဂါ A(H1N1) pdm 09 ဖြစ်ပွားနှုန်းသည် ယခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ဇူလှိုင် ၁၇ ရက်နေ့အထိ အသက် ၁၅ နှစ် မှ ၆၅ နှစ်အကြား ၄၉ ရာခိုင်နှုန်း၊ အသက် ၁ နှစ်မှ ၅ နှစ်အောက်သည် ၁၇ ရာခိုင်နှုန်း၊ အသက် ၆၅ နှစ်အထက် တွင် ၁၄ ရာခိုင်နှုန်း၊ အသက် ၅ နှစ်မှ ၁၅ နှစ်အောက် တွင် ၁၄ ရာခိုင်နှုန်း၊ အသက် ၁ နှစ်အောက်တွင် ၆ ရာခိုင်နှုန်း ဖြစ်ပွားနေကြောင်းယနေ့တွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၏ ဓာတ်ခွဲအတည်ပြုချက်အရ သိရသည်။
မျိုးမင်းသိန်း(မရမ်းကုန်း)


