မန္တလေး ၁၉ ဇူလှိုင် 

မန္တလေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုများကြောင့် မြို့နယ်သုံးမြို့နယ်အတွင်းရှိ အိမ်ထောင်စု ၁၂၆၉ စုမှ လူဦးရေ ၅၈၈၉ ဦးတို့သည် ရေဘေးလွတ်ရာသို့ ယာယီပြောင်းရွှေ့နေရာ ချထားပေးနေရကြောင်း မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် တိုင်းဒေသကြီးအတွင်း မြို့နယ်သုံးမြို့နယ်တွင် ရပ်ကွက် ကျေးရွာ အုပ်စု ၁၆ အုပ်စုမှ ကျေး ရွာ ၃၆ ရွာတို့မှ အိမ်ထောင်စု ၁၂၆၉ စုရှိပြီး လူဦးရေ ၅၈၈၉ ဦးတို့ကို ရေလွတ်ရာသို့ ယာယီပြောင်းရွှေ့နေထိုင်ရန် နေရာများချထားပေးနေကြောင်း၊ ထိုရေဘေးကြောင့် ပြောင်းရွှေ့နေထိုင်ရသော လူဦးရေတို့ကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာ ခုနစ်ရက်စာနှင့် လိုအပ်သောပစ္စည်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ တခြားရေဝင်နေ သည့်မြို့နယ်များကိုလည်း ဆက်လက်ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

mdn

 

အဆိုပါ ဧရာဝတီမြစ်ရေကြောင့် ရေလွတ်ရာသို့ ရွှေ့ပြောင်းနေသည့် တံတားဦးမြို့နယ်တွင် ရေဘေးကြောင့် ယာယီရွှေ့ပြောင်းသူဦးရေ ၁၀၈ ဦးကို ကယ်ဆယ်ရေးစခန်းအနေဖြင့် စာသင်ကျောင်း နှင့် ဘုန်းကြီးကျောင်းတို့တွင် နေထိုင်ကြကြောင်း၊ စဉ့်ကူးမြို့နယ်တွင်လည်း လူဦးရေ ၆၈၈ ဦး၊ သပိတ်ကျင်းမြို့နယ်တွင်လည်း လူဦးရေ ၅၀၉၃ ဦးတို့ကို ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဇရပ်၊ ဆွေမျိုးအိမ်၊ ဓမ္မာရုံတို့တွင် ရွှေ့ပြောင်းနေရာချထားကြောင်း သိရသည်။ ဆက်လက်၍ နောက်ယာယီရွှေ့ပြောင်းနေထိုင်သည့် မြို့နယ်နှင့်လူ ဦးရေစာရင်းများတက်လာပါက လိုအပ်သည့် အခက်အခဲများကို ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

 

mdn