mdn

ရန်ကုန်   ၁၉  ဇူလိုင် 

တိုင်းပြည်အတွက် အသက်ပေးစွန့်လွှတ်ခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ကျေးဇူးတရားကို အောက်မေ့ သတိရဂုဏ်ပြုသော အားဖြင့် (၇၂) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(ဗဟိုဌာနချုပ်)၌ ကျင်းပသည်။ 

ရှေးဦးစွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟိုဌာနချုပ်)ရှေ့၌ ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန် နံနက် ၁၀ နာရီ ၃၇ မိနစ် တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ပြည်သူများ၊ ကျောင်းသား ကျောင်းသူများသည် ငြိမ်သက်၍ ဂါရဝပြုကြသည်။ 

ထို့နောက် အခမ်းအနားကို စတင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အားအလေးပြုပြီး ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအားအလေးပြုခြင်း၊ ဒီမိုကရေစီအရေးတော်ပုံ အဆင့်ဆင့်တွင် ကျဆုံးသွားခဲ့ရသော ရဟန်းရှင်လူ ၊ ကျောင်းသားပြည်သူတို့အား ဝမ်းနည်းခြင်းအထိမ်း အမှတ်အဖြစ် ရှစ်စက္ကန့်ငြိမ်သက်ခြင်းတို့ကို ပြုလုပ်ကြသည်။  

ယင်းနောက် သဘာပတိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့  အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်း က အဖွင့်အမှာစကားပြောကြားပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်က (၇၂) နှစ်မြောက် အာဇာနည်နေ့ ကြေညာချက်အား ဖတ်ကြားကာ အခမ်းအနားသို့ ပေးပို့လာသောသဝဏ်လွှာများကို မှတ်တမ်းတင်သည်။ 

အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် များ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့်  ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

ယနေ့ကျင်းပသည့်အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အချက် ၆ ချက်ပါသော ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။  

သတင်းနှင့် ဓာတ်ပုံ-ဇော်ကြီး

 

mdn

 

mdn