ကျောက်မြောင်း ၂၀ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့တွင် ဇူလိုင် ၁၆ ရက်မှစ၍ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် အိမ်ထောင်စု(၈၄)စုအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ကျောက်မြောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ကျောက်မြောင်းမြို့၏ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်မှာ ၁၀၆၇ စင်တီမီတာဖြစ်ပြီး ၁၀၈၁ စင်တီမီတာအထိ မြစ်ရေတိုးလာပြီး ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များဖြစ်သော အမှတ်(၁)ရပ်ကွက်မှ အိမ်ထောင်စု(၁၃)စု၊ ကျား/မ ၅၀ ဦးကို နီးစပ်ရာဆွေမျိုးများနေအိမ်သို့ လည်းကောင်း၊ အမှတ်(၄)ရပ်ကွက်မှ အိမ်ထောင်စု(၇၁)စု၊ ကျား/မ ၃၀၆ ဦးကို ဘုရားလေးဆူကုန်း၊ ပုခန်းဘုန်းကြီးကျောင်း၊ ပြည်လုံးချမ်းသာဘုန်းကြီးကျောင်း၊ ခရေပင်ဇရပ်၊ လက်ရွေးကျောင်းဇရပ်နှင့် နွယ်ငြိမ်းရွာရင်းကျောင်းတို့ကို အသီးသီးရွှေ့ပြောင်းပေးခဲ့ရသည်။
အဆိုပါ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရွှေ့ပြောင်းနေထိုင်ရသော အိမ်ထောင်စု(၈၄)စု၊ ကျား/မ စုစုပေါင်း(၃၅၆)ဦးအတွက် လိုအပ်သည့်အကူအညီများ ရရှိနိုင်ရန်အတွက် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသို့ ဆက်သွယ်တင်ပြထားပြီး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ကျောက်မြောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းထွန်းမှ ပြောသည်။
ထွန်းမြင့်အောင် (ရွှေဘို)


