ကျောင်းကုန်း ၂၀ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ကောက်ကြီးကုန်းအုပ်စု၊ အုန်းတောကျေးရွာတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေဖြင့် စက်မှုလယ်ယာဦးစီးဌာနမှ စနစ်တကျလယ်ယာမြေအဖြစ် ဖော်ထုတ်ဆောင်ရွက်ပြီးသော ဧက(၁၂၂)စံပြကွက်တွင် ၂၀၁၉ ခုနှစ် မိုးစပါးရာသီ ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီခွဲက ကျင်းပခဲ့သည်။
ကောက်ကြီးကုန်းကျေးရွာ တောင်သူဦးအောင်သိန်း၏ လယ်မြေဧက(၅)ဧကတွင် ကူဘိုတာအမျိုးအစား ခြောက်တန်းသွား ကောက်စိုက်စက်ဖြင့် တစ်နာရီလျှင် ဝ.၇၅ ဧက စိုက်ပျိုးနိုင်ပြီး တန်းကြားအကွာအဝေး (၁၁)လက်မ၊ ပပ်ကြားအကွာအဝေး (၄.၇ မှ ၈.၃)လက်မ ဖြစ်ကြောင်း၊ တောင်သူများ ငှါးရမ်းအသုံးပြုလိုပါက တစ်ဧကလျှင် ကျပ်နှစ်သောင်းခွဲနှုန်းဖြစ်ကြောင်း စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။
သရုပ်ပြပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မုတ်သုန်ကျေးလက်ဖွံ့ဖြိုးရေးစင်တာအဖွဲ့မှ ဒေါက်တာသောင်းထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်စက်မှုလယ်ယာဦးစီးမှူးနှင့် ဝန်ကြီးဌာနအောက်ရှိ မြို့နယ် ဦးစီးမှူးများ၊ တောင်သူလယ်သမားများ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


