နတ်တလင်း ၂၀ ဇူလိုင်


ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် (အနောက်ခြမ်း) ချင်းကုန်းကံကျေးရွာအုပ်စု ကုက္ကိုလ်မြောင်ရွာ တောင်သူဦးအောင်လွင်၏ ယာခင်းတွင် စိုက်ပျိုးထားသော မိုးမြေပဲစံပြကွင်းသရုပ်ပြပွဲကို ဇူလိုင် ၂၀ ရက် နံနက် ၉ နာရီ ၁၀ မိနစ်က ၎င်း၏ယာခင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


စံပြကွင်းသရုပ်ပြပွဲ အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးသူမှ တောင်သူများ မိုးမြေပဲစိုက်ပျိုးကြသော်လည်း ကုန်ကျငွေနှင့် ရရှိသောငွေမှာ အရင်းသာသာခန့်သာ ရရှိကြောင်း တောင်သူများ၏ တင်ပြဆွေးနွေးကြသည်ကို သိရကြောင်း၊ နှစ်စဉ်သုံးစွဲနေသောစနစ်ကို ပြောင်းလဲရမည်ဖြစ်ကြောင်း၊ တစ်ဧကလျှင် မျိုးဖိုး၊ ထွန်ယက်ခမြေသြဇာဖိုး၊ အလုပ်သမားခ စသည့်စရိပ်များအားလုံးပေါင်း သုံးသိန်းကုန်ကျကြောင်း၊ တစ်ဧကအထွက်နှုန်း မြေပဲ ၅ တင်းမှ ၁၀ တင်းအထိသာ ထွက်ကြောင်း၊ ပြန်ရောင်းလျှင် ကုန်ကျငွေနှင့် ရငွေမှာ မကွာကြောင်း၊ စိုက်ပျိုးစရိတ် တစ်ဧကကို ခုနစ်သောင်းကျပ်ခန့် ပိုသုံးပြီး စိုက်ပျိုးရေးဌာနမှ နည်းစနစ်ကို လိုက်နာဆောင်ရွက်မည်ဆိုပါက ယခင်စိုက်ပျိုးခြင်းထက် ပိုမိုအကျိုးရှိလာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်အဖွဲ့သည် တောင်သူများနှင့်အတူ မြေပဲစံပြကွင်းသို့ဆင်း၍ ကြည့်ရှုစစ်ဆေးကာ တောင်သူများ၏ မေးမြန်းမှုများအား တာဝန်ရှိသူများက ပြန်လည်ဖြေရှင်း ပြသကြသည်။
မိုးမြေပဲစံပြကွင်းသရုပ်ပြပွဲသို့ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပတ်ဝန်းကျင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။


တင်မြင့် (နတ်တလင်း)