မန္တလေး ၂၀ ဇူလိုင်
သွားနှင့်ခံတွင်းဆိုင်ရာ ဆေးပညာရပ်များ စဉ်ဆက်မပြတ် လေ့လာသင်ယူမှု တိုးတက်စေရန်၊ မြန်မာနိုင်ငံနှင့် နိုင်ငံတကာမှ သွားနှင့်ခံတွင်းဆရာဝန်ကြီးများ၏ ပညာအမွေလက်ဆင့်ကမ်း မျှဝေခြင်းနှင့် ကျန်းမာရေး အသိပညာ ဖလှယ်နိုင်စေရန် အစရှိသော ရည်ရွယ်ချက်များဖြင့် (၁၀)ကြိမ်မြောက် မန္တလေး သွားနှင့်ခံတွင်း ဆရာဝန်ညီလာခံဖွင့်ပွဲကို မန္တလေးမြို့၊ ၆၂ လမ်းရှိ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး) ခန်းမတွင် ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ညီလာခံကို နိုင်ငံတော်အလံအား အလေးပြုဖွင့်လှစ်ပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အမှာစကားပြောကြားပြီး သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (မန္တလေး) မှ ဒုတိယပါမောက္ခချုပ် ပါမောက္ခဒေါက်တာကိုကိုနှင့် မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်အသင်း (မန္တလေး) ဥက္ကဋ္ဌ ဒေါက်တာအောင်ကျော့ဖုန်းတို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ၎င်းနောက် မြန်မာ့ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်သည်။ ယင်းနောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသော သွားနှင့်ခံတွင်းအသိပညာပေး ပိုစတာများအား လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါ ညီလာခံကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တရုတ်(တိုင်ပေ)၊ မြန်မာနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ အပြည်ပြည်ဆိုင်ရာ သွားကောလိပ် (INTERTIONAL COLLEGE OF DENTALS) မှ အဖွဲ့ဝင်ဆရာဝန်များ၊ မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်အသင်း(ဗဟို)မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်အသင်း(မန္တလေး) မှ တာဝန်ရှိသူများ၊ သွားနှင့်ခံတွင်းဆိုင်ရာ (အကြံပေး) ပါမောက္ခများဖြင့် ဇူလိုင် ၂၀ ရက်မှ ၂၁ ရက်ထိ ကျင်းပသွားမည်ဖြစ်ရာ ပညာရပ်ဆိုင်ရာ ဟောပြောပွဲများ၊ ပိုစတာပြပွဲများဖြင့် ကျင်းပသွားမည်ဖြစ်သည်။
ဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အပြည်ပြည်ဆိုင်ရာ သွားကောလိပ် (INTERTIONAL COLLEGE OF DENTALS) မှ အဖွဲ့ဝင်ဆရာဝန်များ၊ မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်အသင်း(ဗဟို)မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်အသင်း(မန္တလေး) မှ တာဝန်ရှိသူများ၊ သွားနှင့်ခံတွင်းဆိုင်ရာ (အကြံပေး) ပါမောက္ခများ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(မန္တလေး)မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
သန်းဇော်မင်း(ပြန်/ဆက်)


