မုံရွာ ၂၀ ဇူလိုင် 

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သစ်တောဧရိယာများနှင့်နီးစပ်သော ကျေးရွာများရှိ ပြည်သူများ သစ်တောစိုက်ခင်းများမှ မီးဖိုချောင်သုံး ထင်းလောင်စာထုတ်ယူမှု လျော့ကျစေရန်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ကျေးရွာသုံးထင်းစိုက်ခင်း ဧက (၂၂၄)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း တိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကျော့ကျော့အောင်၏ ပြောကြားချက်အရ သိရသည်။

 

ကျေးရွာသုံးထင်းစိုက်ခင်း စိုက်ပျိုးပြီးစီးမှုအနေဖြင့် ကန့်ဘလူခရိုင်အတွင်းရှိ ကန့်ဘလူမြို့နယ် သော်ကြိုးဝိုင်းနှင့် ပျဉ်ထောင်ကြိုးပြင်ကာကွယ်တောတွင် (၃၅)ဧက၊ မုံရွာခရိုင်အတွင်းရှိ မုံရွာမြို့နယ် ဗောဓိတထောင်အဆိုပြု သဘာဝကြိုးဝိုင်းအတွင်း (၃၃)ဧက၊ ဘုတလင်မြို့နယ် ဖလားဖတောတွင် (၂၅)ဧက၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့ရှိ ဖိုလ်ဝင်တောင်တောတွင် (၄၂)ဧက၊ ကသာခရိုင်အတွင်းရှိ ကသာမြို့နယ် တောင်မိုးတားကြိုးဝိုင်းအတွင်း (၉)ဧက၊ ကောလင်းမြို့နယ် သဖန်းဒေါင့်ကြိုးဝိုင်းအတွင်း (၂၀)ဧက၊ ထီးချိုင့််မြို့နယ် တကောင်းတောင်ကြိုးဝိုင်းအတွင်း (၂၀)ဧက၊ ဗန်းမောက်မြို့နယ် မှော်ပုံကြိုးပြင်ကာကွယ်တောအတွင်း (၂၀)ဧက၊ ဝန်းသိုမြို့နယ် ဖီလေးကြိုးဝိုင်းအတွင်း (၂၀)ဧကတို့အား စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

ကျေးရွာသုံးထင်းစိုက်ခင်းများတွင် မယ်ဇလီ၊ ရှား၊ ယူကလစ် စသည့် သစ်မျိုးများပါဝင်ပြီး ကန့်ဘလူ၊ မုံရွာ၊ ယင်းမာပင်နှင့် ကသာခရိုင်တို့ရှိ မြို့နယ် (၁၁)မြို့နယ်ရှိ သစ်တောဧရိယာနှင့်နီးစပ်သော ကျေးရွာများ အသုံးပြုနိုင်ရန်အတွက် ယခုဘဏ္ဍာနှစ်တွင် ထင်းစိုက်ခင်း (၂၆၅)ဧကစိုက်ပျိုးသွားရန် လျာထားကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)