မန္တလေး ၂၀ ဇူလိုင်
ဧရာဝတီမြစ်ရေ မြင့်တက်လာသည့်အတွက် မန္တလေးကမ်းနားလမ်းတစ်လျှောက်ရှိ မြို့နယ်တစ်မြို့နယ်ကို သဲအိတ် ၅၀ဝ၀ ဖြင့် အသင့်အနေအထား ပြင်ဆင်ထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ဧရာဝတီမြစ်ရေသည် တစ်နေ့ကို တစ်ပေခန့်မြင့်တက်လာပြီး ယခုအခါ စိုးရိမ်ရေမှတ်ကို ကျော်နေပြီဖြစ်သည့်အတွက် မြေနိမ့်ရာနေရာများတွင် သဲအိတ်များ အသင့်ပြင်ဆင်ထားကြောင်း သိရသည်။
‘ချမ်းအေးသာစံမြို့နယ်ထဲမှာတော့ ၂၆၊ ၂၇ လမ်းကြားကနိမ့်တော့ ကမ်းနားမှာ သဲအိတ် ၅၀ဝ၀ အသင့်ပြင်ထားတယ်။ မြို့တော်ဥယျဉ်နား စုထားတယ်’ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ချမ်းအေးသာစံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲကျော်စွာက ပြောသည်။
မန္တလေးဆိပ်ကမ်းတွင် ဧရာဝတီမြစ်ရေသည် တစ်နေ့လျှင် တစ်ပေနှုန်းမြင့်တက်လာပြီး ယခုအခါ စိုးရိမ်ရေမှတ်ကို ကျော်လွန်နေပြီဖြစ်ကြောင်း သိရသည်။ ကမ်းနားလမ်းတစ်လျှောက် ၂၆ လမ်းနှင့် ၂၇ လမ်းကြားရှိ တာဘောင်သည် မြစ်ရေနှင့် နှစ်ပေခန့်သာ ကွာဝေးကြောင်း သိရသည်။
‘၂၆၊ ၂၇ ကြားက နည်းနည်းနိမ့်တယ်။ လက်ရှိအနေအထားက တာဘောင်နဲ့ဆို နှစ်ပေလောက်ပဲ လိုတော့တယ်။ ကျန်တဲ့နေရာတွေကတော့ ၅ ပေလောက်လိုသေးတယ်’ဟု ဦးရဲကျော်စွာက ပြောသည်။
ဧရာဝတီမြစ်ရေသည် တဖြည်းဖြည်း မြင့်တက်လာသည့်အတွက် စည်ပင်သာယာရေးကော်မတီ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သောအဖွဲ့ဖြင့် ကမ်းနားလမ်းတစ်လျှောက်ရှိ ရေကင်းများအား အသင့်အနေထားဖြင့် စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
အိမို့မို့ခိုင်


