စစ်ကိုင်း ၂၀ ဇူလိုင်

ဧရာဝတီမြစ်ရေသည် စစ်ကိုင်းမြို့၏ အမြင့်ဆုံးစိုးရိမ်ရေအမှတ်အထက် ရောက်ရှိနေပြီး မြို့အနိမ့်ပိုင်းရပ်ကွက်များနှင့် စစ်ကိုင်းမြို့အနောက်ဘက်ရှိ ကျေးရွာများတွင် ရေဝင်နစ်မြုပ်မှု ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကိုင်းမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်များဖြစ်သော သောတာပန်၊ ထုံးဘို၊ ဧမြဝတီ၊ တကောင်း၊ ချင်းစု၊ အုက်စက်၊ ဒါးဝယ်ဈေး စသည့် ရပ်ကွက်များရှိ  နေအိမ်များ၊ လမ်းများတွင် မြစ်ရေဝင်ရောက်ကာ သွားလာရေးအခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

ထို့အပြင် စစ်ကိုင်းမြို့အနောက်ဘက်ရှိ ကျေးရွာများဖြစ်သော ညောင်ကုန်း၊ ကန္ဒားတောင်၊ ဂုန်ညင်းထောင်၊ တဲကြီး၊ နေပူကုန်း၊ မအူပင်စသည့် ကျေးရွာများတွင် ရေဝင်နစ်မြုပ်မှုဖြစ်ပွားနေသဖြင့် ရေဝင်နစ်မြုပ်သည့်ကျေးရွာများမှ ဒေသခံများ၊ နွားများ ဘေးလွတ်ရာ ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများ ရွှေ့ပြောင်း၍ နေထိုင်နေရကြောင်း သိရသည်။

"ရေက တက်တာမြန်တယ်။ ဒီမနက် တော်တော်များများ ဘေးလွတ်ရာကို ရွှေ့နေရတယ်။ အိမ်တွေ အကုန်မြုပ်လို့ တစ်ရွာလုံးနီးပါးပြောင်းခဲ့ရတာ။ နွားတွေတော့ ရေကူး၊ လူတွေ၊ ပစ္စည်းတွေက လှေတွေနဲ့သယ်ပြီး ကုန်းတက်လာရတာ။ လယ်တွေကတော့ ခုမှပျိုးထောင်ဖို့ လုပ်နေတော့ ပျက်စီးမှုသိပ်မရှိပါဘူး။ ခုငါးထပ်ကြီး ဘုရားဝန်းအတွင်းမှာ ဒီမနက်ကို အိမ်ထောင်စု ၇၀ကျော် ရွှေ့နေရပါတယ်။ စားဖို့သောက်ဖို့ ကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပါ ''ဟု ငါးထပ်ကြီးဘုရားဝန်းအတွင်းသို့ ရွှေ့ပြောင်းနေထိုင်သူ နေပူကုန်းကျေးရွာမှ ဦးငြိမ်းလင်းက ပြောသည်။

 

mdn

 

ဇူလိုင်လ ၁၉ ရက်နေ့ စာရင်းများအရ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ အခြေခံ ပညာအတန်းကျောင်း (၇)ကျောင်း ပိတ်ထားရပြီး  အိမ်ထောင်စု ၈၄ စု၊ လူဦးရေ ၃၇၀  ဦး ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်နေရကြောင်းနှင့် ဇူလိုင်လ ၂၀ ရက်နေ့တွင်လည်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရွှေ့ပြောင်းနေထိုင်နေရသည့် အိမ်ထောင်စုများစွာရှိကြောင်း စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။

"ကျေးရွာအုပ်စုထဲမှာ လေးရွာရှိတယ်။ အကုန်ရေဝင်နစ်မြုပ်တယ်။ အခုဟာက မရွှေ့ပြောင်းသေးပါဘူး။ အိမ်မှာလည်းနေကြတယ်။ လှေပေါ်တွေမှာ နေကြတယ်။ နွားတွေကိုတော့ ကုန်မြင့်တဲ့နေရာမှာ ရွှေ့ထားတယ်။ လက်ရှိမှာတော့ သောက်ရေအခက်အခဲ ဖြစ်ပေါ်နေပါတယ်" ဟု နောက်ကြည့်ကျွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်အေးက ပြောသည်။

ဧရာဝတီမြစ်ရေ စစ်ကိုင်းမြို့၏ စိုးရိမ်ရေအမှတ်သည် ၁၁၅၀ စင်တီမီတာဖြစ်ပြီး ဇူလိုင် ၂၀ ရက် မွန်းလွဲ ၂ နာရီခွဲ တိုင်းထွာချက်အရ  ၁၁၆၂ စင်တီမီတာသို့ရောက်ရှိနေပြီး  စိုးရိမ်ရေအမှတ်အထက် ၁၂ စင်တီမီတာကျော်လွန်နေကြောင်း စစ်ကိုင်းခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

လူအောင်(ကသာ)

 

mdn