နေပြည်တော် ၂၀ ဇူလိုင် 
    

 ၂၀၁၉ ခုနှစ် ဇူလိုင်လ  ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီ မှ ညနေ ၇ နာရီခွဲအချိန်ထိ သပိတ်ကျင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်ပြီး ရေအနက် ၄/၆ ပေခန့် ဝင်ရောက်မှုကြောင့် တကောင်းမြို့ (၁)ရပ်ကွက်ပါ ၃ ခုနှင့် လက်ပံကုန်း ကျေးရွာပါ ၄ ရွာတို့မှ အိမ်ထောင်စု ၁၉၄ စု၊ လူဦးရေ ၈၃၁ ဦး တို့သည် နီးစပ်ရာ ဆွေမျိုးများ နေအိမ်သို့ ရွှေ့ပြောင်းနေထိုင်လျက်ရှိကြောင်းနှင့် စာသင်ကျောင်း ၁ ကျောင်း ယာယီ ပိတ်ထားကြောင်း သိရှိရသည်။
    

အလားတူ မွန်းလွဲ  ၂ နာရီ မိနစ်  ၂၀ တွင် စဉ့်ကိုင်မြို့နယ်အတွင်း ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်ပြီး ရေအနက် ၃ ပေခန့် ဝင်ရောက်မှုကြောင့် တစ်ဘက်ဆွဲကျေးရွာပါ ၂ ရွာတို့မှ အိမ်ထောင် စု ၃၂ စု၊ လူဦးရေ ၁၈၄ ဦး တို့သည် နီးစပ်ရာ ဆွေမျိုးများနေအိမ်သို့ ရွှေ့ပြောင်းနေထိုင်လျက်ရှိကြောင်း သိရှိရသည်။
    

ထို့အပြင် ညနေ ၃ နာရီအချိန်တွင် စဉ့်ကူးမြို့နယ်အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်ပြီး ရေအနက် ၄ ပေခန့် ဝင်ရောက်မှုကြောင့် (၁)ရပ်ကွက်မှ အိမ်ထောင်စု ၁၈ စု၊ လူဦးရေ ၆၄ ဦး တို့သည် အဆိုပါရပ်ကွက်ရှိ ရွှေရပ်တော်ဘုရားသို့လည်းကောင်း၊ (၂)ရပ်ကွက်မှ အိမ်ထောင်စု ၄ စု၊ လူဦးရေ ၂၁ ဦး (ကျား ၇၊ မ ၁၄)တို့သည် (၁)ရပ်ကွက်ရှိ သီရိရတနာခန်းမသို့လည်းကောင်း၊ ဆည်ကြီးကျေးရွာပါ ၃ ရွာတို့မှ အိမ်ထောင်စု ၆၆ စု၊ လူဦးရေ ၂၈၂ ဦး တို့သည် နီးစပ်ရာ ဆွေမျိုး များ၏ နေအိမ်သို့ ရွှေ့ပြောင်းနေထိုင်လျက်ရှိကြောင်း သိရှိရသည်။
    

အလားတူ ဇူလိုင်လ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း မြို့နယ်အတွင်း မိုးရွာသွန်းပြီး တောင်ကမ်းပါးယံပြိုကျမှုကြောင့် ရွှေဇင်ယော် ရပ်ကွက်ပါ ၄ ရပ်ကွက်တို့၌ အုတ်ကာ၊ သွပ်မိုး၊ တမံသလင်းခင်း နေအိမ် ၄ လုံး၊ ရေတွင်း သွပ်အမိုး ၁ ခု  ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


MDN