မကွေး ၂၀ ဇူလိုင်
နိုင်ငံတော်အဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ CICC (Comsumer Information Complaint Center) များ ၂၀၁၆ ခုနှစ် ဇူလိုင်လက ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်း ဝန်ဆောင်မှုဆိုင်ရာ မကျေနပ်ချက်များနှင့်ပတ်သက်၍ စားသုံးသူများဘက်က တိုင်ကြားမှု များပြားနေကြောင်း မကွေးတိုင်းဒေသကြီး CICC စင်တာမှ သိရသည်။
ဝန်ဆောင်မှုလုပ်ငန်းများစွာရှိသည့်အနက် ကုန်ပစ္စည်းပို့ဆောင်ရေးနှင့် ခရီးသွားဝန်ဆောင်မှု၊ စားသောက်ဆိုင် ဝန်ဆောင်မှု၊ တောင်သူဆိုင်ရာ စက်ပစ္စည်းအရောင်းဝန်ဆောင်မှု၊ ဆက်သွယ်ရေးဆိုင်ရာဝန်ဆောင်မှု စသည့် ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး တိုင်ကြားမှုများ ရှိနေခြင်းဖြစ်သည်။
“ဆက်သွယ်ရေးအော်ပရေတာ ဝန်ဆောင်မှုတစ်ခုနဲ့ပတ်သက်တဲ့ တိုင်စာတွေက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၄၀ဝ ကျော်တယ်။ ဒီအထဲမှာ မကွေးတိုင်းက ၁၅ ဦး ပါနေပါတယ်။ မကွေးတိုင်းမှာ CICC စဖွင့်တဲ့အချိန်ကစပြီး ဒီနေ့ထိ တိုင်စာပေါင်း ၂၀ ကျော် လက်ခံရရှိခဲ့ပါတယ်။ အားလုံးဖြေရှင်းပြီးပါပြီ။ တိုင်စာတွေက ဝန်ဆောင်မှု မကျေနပ်တာတွေ များပါတယ် ” ဟု မကွေးတိုင်း စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်အေးအေးမိုး က ပြောသည်။
၂၀၁၉ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် အမှတ် ၉၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ အခန်း(၁၀)၊ ပုဒ်မ ၂၁ (က) တွင် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက် အလက်များပေးခြင်းဟု ပါရှိပြီး ပုဒ်မ ၂၆ (က) တွင် မိမိဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အချက်အလက်များကို စားသုံးသူသိရှိစေရန် ကြိုတင်အသိပေးခြင်း ဟုဖော်ပြကာ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်အဖြစ် သတ်မှတ်ပေးထားသည်။
“စားသုံးသူရဲ့ အခွင့်အရေးဟာ မှန်ကန်တဲ့သတင်းအချက်အလက် ရရမယ်။ ပြည့်စုံတဲ့သတင်းအချက်အလက် ရရမယ်။ ကြိုမသိဘူးဆိုရင် စားသုံးသူမှာက သူ့အခွင့်အရေးကို ဆုံးရှုံးတာပဲ။ ဒီလိုမဖြစ်အောင် အသိပညာပေးတာတွေ လုပ်နေပါတယ်” ဟု ဒုတိုင်းဦးစီးမှူး ဒေါ်အေးအေးမိုးက ဆိုသည်။
၂၀၂၀ခုနှစ် မတ်လ ၁၅ ရက်နေ့မှစတင် အသက်ဝင်မည့် ဥပဒေ၌ စားသုံးသူရေးရာဦးစီးဌာန၏ စီမံခန့်ခွဲရေး နည်းလမ်းများဖြစ်သည့် သတိပေးခြင်း၊ ပြန်လည်ပြင်ဆင်ပေးစေခြင်း၊ အစားထိုးပေးစေခြင်း၊ ဆုံးရှုံးမှုတန်ဖိုး ပေးလျော်စေခြင်း၊ ဒဏ်ကြေးချခြင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုကို ကာလအကန့်အသတ်ဖြင့်ပိတ်ခြင်း၊ လုပ်ငန်းလိုင်စင် ယာယီ(သို့)အမြဲတမ်း ပိတ်သိမ်းခြင်းတို့ ပါဝင်နေပြီး အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် (၂)နှစ် နှင့် ငွေဒဏ်သိန်း ၂၀ဝ ထိ ပါဝင်လျက်ရှိသည်။
ဇေယျတု(မကွေး)


