နေပြည်တော် ၂၁ ဇူလိုင်
မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးနှင့်အလှမ်းဝေးနေသည်မှာ နှစ်ပေါင်း ၇၀ ကျော်ပြီဖြစ်သည်။ ကမ္ဘာပေါ်ရှိ ငြိမ်းချမ်းရေးနှင့်အလှမ်းဝေးသည့် နိုင်ငံများ၌ မြန်မာနိုင်ငံသည် ထိပ်တန်းဖြစ်နေပြီ။ ထို့ကြောင့် ငြိမ်းချမ်းရေး ရရှိရေးအတွက် မနှေးအမြန် လိုလားတောင့်တကြိုးပမ်းနေကြသည်။
မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းတွင် ငြိမ်းချမ်းရေးရရှိရေးအတွက် ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ လုံးဝပြီးပြည့်စုံသည့် အောင်မြင်မှုကို ယနေ့ထက်တိုင် မရရှိနိုင်သေးချေ။ မပြေလည်မှုပြဿနာ၏ ဇာစ်မြစ်မှာ နှစ်ဖက်ပေါ်တွင်မူတည်ပေသည်။ ပြဿနာကို မလျော့မတင်း စောင်းကြိုးညင်းသကဲ့သို့ အဆင်ပြေချောမွေ့အောင် ညှိနှိုင်းနိုင်ခြင်းမရှိသေး၍ တင်းလွန်းလျှင် ပြတ်၊ လျော့လွန်းလျှင် ပတ်သကဲ့သို့ ဖြစ်နေသည်
နှစ်ပေါင်းများစွာ အဖြေရှာရခက်ခဲနေသော ငြိမ်းချမ်းရေးပြဿနာကို ပြေလည် ချောမွေ့စေရေးအတွက် ပြည်သူ့အစိုးရက တစိုက်မတ်မတ်ကြိုးပမ်းနေသည်။ ငြိမ်းချမ်းရေးအတွက် ကနဦးလိုအပ်ချက်ဖြစ်သည့် အပစ်အခတ်ရပ်စဲရေးကို အစောပိုင်းကာလက အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်နိုင်ခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို သုံးကြိမ်ကျင်းပကာ ပြည်ထောင်စု အခြေခံမူအချို့ကို သဘောတူချမှတ်နိုင်ခဲ့ပြီးဖြစ်သည်
ဆက်လက်၍ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနအနေဖြင့် ၂၀၁၉ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် KNPP နှင့်လည်း ကောင်း၊ ၂၀၁၉ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် KNU နှင့်လည်းကောင်း၊ ၂၀၁၉ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် KHCC နှင့်လည်းကောင်း၊ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့၌ RCSS နှင့်လည်းကောင်း၊ ငြိမ်းချမ်းရေး ကော်မရှင်အနေဖြင့် UWSA နှင့်လည်းကောင်း၊ မြောက်ပိုင်းလေးဖွဲ့နှင့်လည်းကောင်း တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်လာနိုင်ရေး၊ NCA လက်မှတ်ရေးထိုးနိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စများကို စဉ်ဆက်မပြတ် ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။
မြန်မာနိုင်ငံမှာ မငြိမ်းချမ်းသောနိုင်ငံဟု လုံးလုံးလျားလျား မဆိုလိုနိုင်ချေ။ ဒေသအချို့မှလွဲ၍ ကျန်ပြည်ထောင်စုဒေသ အများစုတွင် လတ်တလောတွင် ငြိမ်းချမ်းနေပြီဟု ဆိုနိုင်သည်။ ယင်းမှာ အပစ်အခတ်ရပ်စဲရေးကို ခိုင်ခိုင်မာမာ ထိန်းသိမ်းထားနိုင်ခဲ့သည့်အတွက် အဆိုပါဒေသများတွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အတူလက်တွဲဆောင်ရွက်နိုင်ခဲ့သည်။ ယင်းအတွက် အစိုးရအနေဖြင့်သာမက ဒေသခံပြည်သူများလည်း ဝမ်းမြောက်ဝမ်းသာ ကျေးဇူးတင်ကြမည်ဖြစ်သည်
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် ပြဿနာအရပ်ရပ်ကို နည်းလမ်းပေါင်းစုံဖြင့် တစ်ဖက်နှင့်တစ်ဖက် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ယုံကြည်မှုရှိရှိဖြင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းဖြင့်သာ အဖြေရှာနိုင်မည်ဖြစ်သည်။ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်နေပြီဖြစ်သော မကျေလည်မှုများသည် ညီအစ်ကိုမောင်နှမ၊ မိသားစုစိတ်ထား မထားနိုင်ခဲ့သောကြောင့်ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး နားလည်ခြင်း၊ သည်းခံခြင်းတို့ဖြင့် သဘောထားကြီးစွာထားပြီး ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်လာမည်ကို လိုလားရမည်၊ မုဒိတာပွားရမည် ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်စပ်သည့်ဒေသနေ တိုင်းရင်းသားပြည်သူများ ငြိမ်းချမ်းရေး၏အကျိုးရလဒ်များ ရရှိခံစားနိုင်စေရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအပါအဝင် အစိုးရနှင့် NRPC တို့က ပြန်လည်နေရာချထားရေး၊ အခြေခံအဆောက်အအုံ၊ လမ်းပန်း ဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည်။
သို့ဖြစ်ရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး NCA အောက်တွင် ငြိမ်းချမ်းရေးခရီးကို အတူလျှောက်လှမ်းပြီး ဒေသအကျိုးစီးပွားများကို ထိထိရောက်ရောက် လက်တွဲဖော်ဆောင်ကြကာ အားလုံးမျှော်မှန်းထားသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဆီသို့ ချီတက်ရမည် ဖြစ်ပါကြောင်း။ ။
ကြေးမုံ