စစ်ကိုင်း ၂၁  ဇူလိုင်

စစ်ကိုင်းမြို့သည် ဧရာဝတီမြစ်ဘေးတွင်တည်ရှိပြီး ယခုအခါ ဧရာဝတီမြစ်ရေတက်မှုကြောင့် မြစ်ဘေးနေအိမ်ထောင်စုများနှင့် မြေနိမ့်ပိုင်းနေ အိမ်ထောင်စုများအား အန္တရာယ်ကင်းရှင်းစေရန် ခရိုင်/ မြို့နယ်စီမံ ခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်မှု၊ ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ အခြားပရဟိတအဖွဲ့များမှ ကူညီစောင့်ရှောက်မှု၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ရေလွတ်ရာသို့ပြောင်းရွေ့နေထိုင်ပေးခဲ့ကြရကြောင်းသိရသည်။

 

r2

 

"မြေနိမ့်ပိုင်းတွေ ရေဝင်ရောက်တာကတော့ နှစ်စဉ်လိုလိုပါပဲ။ ရေနည်းတာနဲ့ များတာကွာတာပါပဲ။ ဒီနှစ်က ရေတက်မြန်တယ်လို့ပြောလို့ရတယ်။ အခု ဇူလိုင်(၂၁)ရက်၊ နံနက်(၆)နာရီ တိုင်းထွာချက်အရဆို ၁၁၇၂ စင်တီမီတာရှိတယ်။ စိုးရိမ်ရေအမှတ်က ၁၁၅၀ ဆိုတော့ စိုးရိမ်ရေအမှတ်တော့ကျော်လွန်နေတယ် ။ ဒါ ကြောင့် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ အန္တရာယ်မဖြစ်ရအောင် သက်ဆိုင်ရာဌာနများနဲ့ အချိန်ပြည့် ချိတ် ဆက်ပြီး ရပ်ကွက်အတွင်း လှည့်လည်ပြီး ကြီးကြပ်ပေးနေပါတယ်။ ကျန်းမာရေးအခြေအနေတွေလည်း ကျန်းမာရေးဆေးခန်းဖွင့်လှစ်ထားပါတယ်။ အခုချိန်ထိတော့ ကျန်းမာရေးတွေကောင်းမွန်ပါတယ်။ ယနေ့အထိတော့ အိမ်ထောင်စု(၉၉)စုနဲ့ လူဦးရေ(၄၈၉)ဦး ရေလွတ်ရာ ကုန်းတက်နေကြပါပြီ။ ရပ်ကွက်အတွင်း လမ်းဘေးဝဲ/ယာ တွေမှာပဲ စနစ်တစ်ကျဆောင်ရွက်ပေးထားပါတယ်။ ဇူလိုင်(၂၀)ရက်နေ့ကတော့ စစ်ကိုင်းမြို့ ဆရာဦးဇော်ဝင်း -ဒေါက်တာနှင်းနှင်းစိန်မိသားစုတို့က အိမ်ထောင်စု(၆၀)စာကို ဆန်တစ်ပြည်၊ ကြက်ဥ(၅)လုံး၊ ယမ်ယမ်ခေါက် ဆွဲ(၃)ထုပ်၊ရေသန့်ဗူး ၃ ဘူး စီ ထောက်ပံ့လှူဒါန်းသွားပါတယ်။ အခုဆို ပြည်သူတွေသိရှိအောင် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်နေတဲ့ ရေဘေးအခြေအနေတွေ သိအောင်လည်း အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးနေပါတယ်" ဟု ဧမြဝတီရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲဝင်း ကပြောပြခဲ့သည်။

စစ်ကိုင်းမြို့သည် မြေနိမ်းပိုင်းရပ်ကွက်များဖြစ်သည့် သောတာပန်၊ ထုံဘို၊ သာစည် ဧမြဝတီ၊ ဘော်ဂါ၊ ချင်းစုရပ်ကွက်များသည် ဧရာဝတီမြစ်ဘေးတွင် တည်ရှိနေထိုင်ကြပြီး ဧမြဝတီရပ်ကွက်သည် အခြားရပ်ကွက် များထက် ဧရာဝတီမြစ်ရေနှင့်နီးပြီး မြေနိမ့်ပိုင်းရပ်ကွက်ဖြစ်ကြောင်း စစ်ကိုင်းခရိုင်ပြန်/ဆက်မှ သိရသည်။

MDN