ရပ်စောက် ၂၁ ဇူလိုင်
ရပ်စောက်မြို့နယ် ပန်းချီပန်းပုအစည်းအရုံးမှ စီစဉ်ပြသသည့် မိုးမခပန်းချီပြပွဲကို ရပ်စောက်မြို့နယ်၊ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနတွင် ဇူလိုင် ၁၉ ရက်မှ ၂၅ ရက် အထိ ၇ ရက်တိုင် ခင်းကျင်းပြသထားရာ ပန်းချီဝါသနာပါသူများ လာရောက်လေ့လာကြည့်ရှုလျှက်ရှိကြောင်းသိ ရသည်။
ပန်းချီပြပွဲတွင် ရပ်စောက်မြို့နယ် ပန်းချီပန်းပုအစည်းအရုံးမှ ပန်းချီဆရာများဖြစ်ကြသည့် ပန်းချီသောင်းညွန့်၊ ပန်းချီနိုင်သာနှင့်အခြားသောပန်းချီဆရာများရေးဆွဲထားသော ပန်းချီကားပေါင်း (၃၂) ကားကို နေ့စဉ် နံနက် ၉နာရီမှ ညနေ ၅ နာရီထိ ပြသထားထားရှိမည်ဖြစ်ရာ စိတ်ပါဝင်စားသူ မည်သူမဆိုလာရောက်ကြည့်ရှုလေ့လာ နိုင်မည်ဖြစ်သည်။
ပြပွဲပြသရခြင်းနှင့်ပတ်သက်၍ မြို့နယ်ပန်းချီပန်းပုအစည်းအရုံးဥက္ကဋ္ဌ ဦးဇော်ဝင်း(ပန်းချီနိုင်သာ)က" ခေတ်စနစ်ရဲ့ စိန်ခေါ်ခံရမှုတွေကြောင့် ကျွန်တော်တို့ရဲ့ မြန်မာ့ရိုးရာပန်းချီပညာကို တန်ဖိုးထားမှုယုတ်လျော့လာတာရယ်၊ အချိန်ရဲ့တန်ဖိုးကို နောင်လာနောင်သားတွေသိရှိနားလည်လာစေလိုတာရယ်၊ ရိုးရာပန်းချီပညာမတိမ်ကော မပျောက်ကွယ်သွားစေဖို့ မျိုးဆက်သစ်ပန်းချီပညာရှင်တွေကိုမွေးထုတ်ပေးလိုတာရယ်၊ ပန်းချီအတတ်ပညာနဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုကိုလုပ်ကိုင်ဆာင်ရွက်သွားနိုင်တယ်ဆိုတာတွေကို သိစေချင်တာတွေ ကြောင့် ဒီပြပွဲကိုပြသရခြင်းဖြစ်ပါတယ်ဟု" ပြောကြားသည်။
ပန်းချီပြပွဲသို့ လာရောက်ကြည့်ရှုကြသော ပြည်သူများမှ စာပေကိုချစ်မြတ်နိုးသူများကလည်း ပြည်သူ့စာကြည့် တိုက်တွင် အခမဲ့ဝန်ဆောင်မှုပေးနေမှုများကို ဝင်ရောက်လေ့လာပြီး ငှားရမ်းဖတ်ရှုကြကြောင်းသိရသည်။
မူမြစော(IPRD)


