မန္တလေး ၂၁ ဇူလိုင်

သွေးမတိတ်ရောဂါရှင်များအသင်း(မန္တလေး) မှကြီးမှူး၍ သွေးမတိတ်ရောဂါအကြောင်းလူထု အားအသိပညာပေးခြင်းအစီအစဉ်ကိုဇူလိုင်၂၀ ရက်နှင့်၂၁ ရက်ညနေ ၅ နာရီမှ ၇ နာရီအထိ အောင်မြေသာစံမြို့နယ်၆၆လမ်းနှင့် ၂၄ လမ်းထောင့်ကျုံးဘေးတွင် ကျင်းပလျက်ရှိရာ မဟာအောင်မြေမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးငြိမ်းသစ်၊စာရေးဆရာကျော်ရင်မြင့်၊ဆရာညီပုလေးတို့ကအမှတ်တရ စကားများပြောကြားကြပြီး အဆိုတော်မွန်းအောင်မှ တေးသီချင်းများဖြင့်ဖျော်ဖြေသည်။သွေးမတိတ်လူငယ်ကလေးများ ကိုယ်တိုင်စွန့်ပစ်ပစ္စည်းများနှင့် ပြုလုပ်ထားသော သော့ချိတ်ကလေးများကိုလည်း  အမှတ်တရလက်ဆောင် ပေးအပ်သည်။

ဟီမိုဇီးလီးယားခေါ် သွေးမတိတ်ရောဂါသည် မွေးရာပါရောဂါဖြစ်သည်။ ရောဂါရှိသူများတွင်ဒဏ် ရာရရှိသည့်အခါ သွေးထွက်ချိန်သည် သာမန်လူများထက်ပို၍ကြာသည်။ သိသာသောလက္ခဏာများမှာ သွေးမတိတ်ရောဂါရှိသူများသည် အရေပြားအပေါ်တွင် အညိုအမဲစွဲခြင်း၊ အဆစ်အမြစ်များ(ဒူး၊ခြေကျင်းဝတ်၊တံ့တောင်ဆစ်၊လက်ကောက်ဝတ်)ရောင်ရမ်းခြင်း၊ငယ်သွားလဲည့်အခါ သွေးမတိတ်ဘဲခံတွင်းတွင် သွေးခဲဖြစ်ပေါ်နေခြင်း၊ နှာခေါင်းသွေးထွက်သည့်အခါ တော်တော်နှင မတိတ်ဘဲနှာခေါင်းထဲတွင် သွေးခဲဖြစ်နေခြင်းတို့ဖြစ်သည်။

သွေးမတိတ်ရောဂါသည် လူ ၁၀ဝ၀ဝ လျှင်တစ်ဦးရှိနိုင်သောကြောင့် မြန်မာနိုင်ငံတွင် သွေးမတိတ်ရောဂါရှိသူ ခန့်မှန်း ၅၅၀ဝ ဦးခန့်ရှိနိုင်သည်။ မြန်မာပြည် အထက်ပိုင်းရှိ လူနာ များအတွက် အကူအညီပေးနိုင်ရန် သွေးမတိတ်ရောဂါရှင်များအသင်း(မန္တလေး) ရှိပြီးမန္တလေး အထွေထွေရောဂါကုဆေးရုံကြီး သွေးရောဂါဌာနသို့ ဆက်သွယ်နိုင်ပြီး ခေတ်မီကုထုံးများဖြင့် သွေးမတိတ်ရောဂါရှိသူများအား သွေးရည်ကြည်သွင်းကုသခြင်း၊ FactorVIII နှင့် FactorIX များကို အစားထိုးကုသပေးလျက်ရှိသည်။   

မောင်ပြည်သူ(မန္တလေး)