ရေကြည် ၂၁ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး-ပုသိမ်ခရိုင် ရေကြည်မြို့နယ် အတွင်းရှိတောင်သူဦးကြီးများသည် လယ်ယာထွန်ယက်စိုက်ပျိုးချိန်တွင် မိုးရွာသွန်းမှုအားနည်းပြီး ရေတင်စက်များနှင့် ရေရရှိရေးဆောင်ရွက်နေရကြောင်း သတင်းသိရသည်။
တောင်သူဦးကြီးများက “ ကျွန်တော်တို့ဒီနှစ်မှာတော့ မိုးရွားသွန်းမှုအားနည်းတာကြောင့် ပျိုးကျဲခင်းပက်တယ်။ ကြွက်စားတယ်၊ စာကောက်တယ်၊ ခို-ဂျိုးတို့ သတ္တဝါတွေကဖျက်တယ်။ ပြန်လုပ်ရတယ် တောင်သူဦးကြီးတွေရဲ့ မိရိုးဖလာ စိုက်ပျိုးရန် ပျိုးထောင်တယ် ။ အခုစိုက်ဖို့အချိန်တန်ပြီပေါ့။ ဒါမယ့် မိုးကမရွာဘူး။ တစ်ထပ်နဲ့ ပြီးရမှာ။ အခုတော့ အစကနေ ထယ်ပြန်ထိုးရ ထွန်ယက်ရနဲ့ နှစ်ထပ်သုံးထပ်တွေပြန်လုပ်ရတယ်။ မိမိအိတ်ထဲမှ စိုက်ထုတ်နိုင်တဲ့တောင်သူရှိသလို နွမ်းပါးသည့်တောင်သူတွေရှိတဲ့အတွက် ရေတင်ရတဲ့ဆီဖိုး-စက်ခ၊ ထွန်ယက်စရိတ်၊ အလုပ်သမား ထပ်ပိုးကုန်ကျစရိတ် များလာသည့်အတွက် ဒီနှစ်မှာတော့ အရှုံးတွေနှင့်ရင်ဆိုင်ရပြီး မိမိတို့ယူထားတဲ့ကြွေးတွေ ပြေကြေအောင်ဆောင်ရွက်နိုင်ဖို့ တော်တော်လေးရုန်းကန်ရမှာပါ” ဟုတောင်သူဦးကြီးများက ဆိုသည်။
ယခုနှစ်တွင် စပါးဈေးကောင်းလျှင် တောင်သူများအတွက် သက်သာပြီး ဈေးမကောင်းခဲ့ပါက အရှုံးပေါ်နိုင်ကြောင်း တောင်သူကြီးများက ပြောသည်။
ဆန်းတင့် (ရေကြည်)


