ရန်ကုန် ၂၁ ဇူလိုင်
ရခိုင်ပြည်နယ် ဓမ္မာရုံဂေါပကအဖွဲ့(ရန်ကုန်)က ကြီးမှူးကျင်းပသည့် သတ္တမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်အနီးရှိ ရခိုင်ပြည်နယ် ဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားကို ရခိုင်စည်တော်ရွမ်း၍ ဖွင့်လှစ်ပေးပြီး ရခိုင်ပြည်နယ် ဓမ္မာရုံ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစောသိန်းက အခမ်းအနားဖွင့်လျှောက်ထားပြီး ဂေါပကအဖွဲ့ ဦးဆောင်နာယက ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က သာသနာတော်ဆိုင်ရာများကို လျှောက်ထားသည်။
ယင်းနောက် မင်္ဂလသုခပါဠိတက္ကသိုလ်မှ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ နန္ဒဝံသထံမှ ပရိသတ်က ငါးပါးသီလခံယူဆောက်တည်ကြပြီး ကြွရောက်တော်မူလာကြသည့် ဆရာတော် သံဃာတော်များက မေတ္တသုတ်တရားတော်များ ချီးမြှင့်တော်မူကြသည်။
ဆက်လက်၍ တိပိဋက ပုလဲရောင်ရှိန်စာသင်တိုက် ဆရာတော် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တ ဣန္ဒပါလက သြဝါဒကထာမြွက်ကြားပြီး ဂေါပကအဖွဲ့ ဦးဆောင်နာယက ဦးစိုးဝင်းက လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ လျှောက်ထားသည်။
ထို့နောက် အလိုတော်ပြည့်ဓမ္မာစရိယတက္ကသိုလ်မှ ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ သုစိတ္တာဘိဝံသထံမှ ဝါဆိုသင်္ကန်းလှူဒါန်းရခြင်းအကျိုး တရားတော်ကို နာကြားကြပြီး ရခိုင်ပြည်နယ် ဓမ္မာရုံဂေါပကအဖွဲ့ဝင်များနှင့် မိသားစုများ၊ မြို့နယ်၊ တိုက်နယ်နှင့် လူမှုရေးဘာသာရေးအသင်းအဖွဲ့များနှင့် အလှူရှင်များက ဆရာတော် သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ရတနာမာရ်အောင် တောရဓမ္မရိပ်သာဆရာတော် အဂ္ဂမဟာ ကမ္မဌာနာစရိယ ဘဒ္ဒန္တ ဝါယာမိန္ဒ ထံမှ ပရိသတ်က ရေစက်ချအနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ထို့နောက် ရခိုင်ပြည်နယ် ဓမ္မာရုံဂေါပကအဖွဲ့က ရခိုင်မောင်မယ် တံမြက်စည်းလှည်းအသင်း အဆောက်အဦးဆောက်လုပ်ရန်အတွက် အလှူငွေများကို ပေးအပ်လှူဒါန်းပြီး ဂေါပကအဖွဲ့ ဦးဆောင်နာယက ဦးတင်ညွန့်က နိဂုံးချုပ်စကား လျှောက်ထားသည်။
ရခိုင်ပြည်နယ် ဓမ္မာရုံဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစောသိန်းက “ဓမ္မာရုံဂေါပက အဖွဲ့က ရခိုင်တိပိဋကဘွဲ့ရ၊ အဂ္ဂမဟာဘွဲ့ရ ဆရာတော်အပါး ၂၀ ကို ပင့်ဖိတ်ပါတယ်။ ရန်ကုန်မှာရှိနေတဲ့ ရခိုင်လူမှုရေး၊ ဘာသာရေးမြို့နယ် အသင်းအဖွဲ့က တစ်သင်းတစ်ပါးကျစီ ၂၇ ပါးပင့်ဖိတ်ပါတယ်။ စုစုပေါင်းဆရာတော် ၄၇ ပါးကို တစ်နေရာတည်းမှာ တစ်စုတစ်ဝေးတည်း ဝါဆိုသင်္ကန်းကပ်လှူကြတာ ဖြစ်ပါတယ်”ဟု ပြောသည်။
သတင်း-ရီရီမြင့်
ဓာတ်ပုံ-ရဲထွဋ်


