နေပြည်တော် ၂၁ ဇူလိုင်


ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် အလှူငွေလက်ခံပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သာသနာ (၂၅၀ဝ) ဓမ္မာရုံ၌ ကျင်းပသည်။


အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အလှူရှင်များနှင့် ဧည့်ပရိသတ်များ တက်ရောက်ကြသည်။ 


ရှေးဦးစွာ ပရိယတ္တိဝေဒီကျောင်းဆရာတော် ဘဒ္ဒန္တပါလရာမညထံမှ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများက ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူကြသည်။ ယင်းနောက် မွန်ပြည်နယ် ကော့ပလိုင်ကျောင်းဆရာတော် ဘဒ္ဒန္တကေတုမာလာ၊ လမိုင်းကျောင်း ဆရာတော် ဘဒ္ဒန္တ သောဘဏနှင့် ကန်းနီကျောင်းဆရာတော် ဘဒ္ဒန္တသိလိန္ဒတို့က သြဝါဒစကား ချီးမြှင့်တော်မူသည်။ ထို့နောက် ဟံသာထောကျောင်းဆရာတော် ဘဒ္ဒန္တ သီလဝန္တက သာသနာ(၂၅၀ဝ) ရာမညဗိမာန်ကျောင်းနှင့် စပ်လျဉ်း၍ အလှူရှင်များအား ရှင်းလင်းပြောကြားသည်။ 


ယင်းနောက် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့် ဇနီး မိသားစုတို့က သာသနာ (၂၅၀ဝ) ရာမညဗိမာန်ကျောင်း (၅)ထပ်ဆောင် ဆောက်လုပ်ရန်အတွက် အလှူတော်ငွေ ကျပ်သိန်း(၁၀ဝ)နှင့် ရပ်နီးရပ်ဝေးအလှူရှင်များက ဆရာတော်၊ သံဃာတော်များထံ အလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အလှူရှင်များက ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြသည်။


ထို့နောက် မွန်ပြည်နယ် ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နန်းစံဝင့်ခိုင်က ဝန်ကြီးဌာနတွင် ရည်ညွှန်းအသုံးပြုရန်အတွက် ပအိုဝ်းလူမျိုးသမိုင်းဆိုင်ရာ စာအုပ်စာတမ်းများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသို့ ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ချီးမြှင့်သည်။ 


ယင်းနောက် ပရိယတ္တိဝေဒီကျောင်းဆရာတော် ဘဒ္ဒန္တပါလရာမညက အနုမောဒနာတရား ချီးမြှင့်ပြီး ရေစက်သွန်းလောင်းအမျှပေးဝေကြသည်။

 

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ အလှူရှင်ဧည့်ပရိသတ်များက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။ 


သတင်းစဉ်

 

IMG_9