ဟိုပင် ၂၁ ဇူလိုင်
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ဟိုပင်မြို့တွင် ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသူများပြားလာပြီး ဆေးဝါးကုသဆောင်ရွက်မှုများအနေဖြင့် ယနေ့နံနက် ၈ နာရီက အခမဲ့ဆေးဝါးကုသရေးစင်တာ အမှတ်(၂) မြို့တော်ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
တုပ်ကွေးရောဂါဖြစ်ပွားနေသူများကို အမြန်ဆုံး ရောဂါသက်သာပျောက်ကင်းစေရန် ရည်ရွှယ်၍ ယခုလိုလုပ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မေတ္တာရိပ်(အခမဲ့)ဆေးခန်း ပရဟိတအဖွဲ့မှ တာဝန်ရှိသူ ဒေါက်တာသန်းထွန်းက ပြောသည်။
"ဆေးရုံက ၂၅ ခုတင်ဆံ့ဆေးရုံပါ။ ရာသီတုပ်ကွေးဖြစ်တဲ့သူတွေက များလာတော့ ဆေးရုံမှာ လူနာတွေမဆံ့တော့ဘူး။ အပြင်ဆေးခန်းတွေမှာလည်း လူနာတွေဆေးထိုးဖို့ တန်းစီစောင့်ဆိုင်းနေရတယ်။ အခမဲ့မေတ္တာရိပ်ဆေးခန်းမှာလည်း ဆေးလာကုသူတွေများလာတယ်၊ မနေ့က အ.ထ.က တေဇခန်းမမှာလည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ်(၁)ခုတင် ၃၀ဝ ဆေးတပ်ကအဖွဲ့ လာရောက်ပြီး အခမဲ့ကုသပေးတာ လူနာတွေအရမ်းများနေလို့ ခွဲပြီးကုသဆောင်ရွက်ပေးနေပါတယ်" ဟု ဒေါက်တာသန်းထွန်းက ပြောသည်။
အသစ်ထပ်မံဖွင့်လှစ်ထားသည့် အခမဲ့တုပ်ကွေးရောဂါ ကုသရေးစင်တာ အမှတ်(၂)စင်တာကို တုပ်ကွေးရောဂါဖြစ်ပွားသူ ထိန်းချုပ်နိုင်ရေးအထိ ဖွင့်လှစ်ကုသပေးမည်ဖြစ်ကြောင်း သိရသည်။
"မိုးညှင်း၊ ဟိုပင်၊ မိုးကောင်းဒေသတွေမှာ အဖြစ်များတယ်။ တစ်ယောက်ချင်းဆီလည်းဖြစ်သလို မိသားစုတစ်ပြိုင်တည်း ဖြစ်တာလဲရှိတယ်။ အဆင်ပြေတဲ့သူအတွက် မစိုးရိမ်ရပေမယ့် အောက်ခြေလူတွေအတွက် အခက်အခဲအမျိုးမျိုးရှိနိုင်တယ်။ ဒါကြောင့် လိုအပ်တာတွေအဆင်သင့်ဖြစ်အောင် မော်တော်ယာဉ်ကြို/ပို့ကအစ စီစဉ်ထားတာတွေ့ရပါတယ်"လို့ ဟိုပင်မြို့သို့ ခေတ္တခဏရောက်ရှိလာသော လယ်/ဆည်ဝန်ကြီး ဦးကျော်ကျော်ဝင်းက ပြောသည်။
အဆိုပါ ဆေးဝါးကုသရေးအမှတ်(၂) မြို့တော်ခန်းမတွင် ပြည်နယ် လယ်/ဆည်ဝန်ကြီး ဦးကျော်ကျော်ဝင်း၊ မိုးညှင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲအောင်၊ မြို့နယ်ကျန်းမာရေးအဖွဲ့နှင့် တာဝန်ရှိသူများက တုပ်ကွေးရောဂါဝေဒနာရှင်များကို တွေ့ဆုံကာ အားပေးစကားပြောကြားပြီး ဆေးဝါးကုသဆောင်ရွက်မှုများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်းနှင့် အမှတ်(၁) ဆင်တုပ်ကွေးရောဂါ အခမဲ့ကုသရေးစခန်းကို အလားတူ ယနေ့နံနက်တွင် ဟိုပင်အ.ထ.က တေဇခန်းမဆောင်တွင် ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
ဝ၇၈


