ရန်ကုန် ၂၁ ဇူလိုင်
ပထမအကြိမ် မြန်မာနိုင်ငံ အရေးပေါ်ကုသမှု ဆေးပညာရှင်များညီလာခံ ဂုဏ်ပြုညစာ စားပွဲကို ဇူလိုင် ၂၀ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့၌ ကျင်းပသည်။
ဂုဏ်ပြုညစာစားပွဲ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဂုဏ်ပြုအမှာစကားပြောကြားပြီး ဆေးတက္ကသိုလ် (၁)၊ ရန်ကုန် ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုး၊ မြန်မာနိုင်ငံအရေးပေါ်ကုသမှု ဆေးပညာရှင်များအဖွဲ့ ဥက္ကဋ္ဌပါမောက္ခ ဒေါက်တာမော်မော်ဦးနှင့် ကျွမ်းကျင်မှုဆိုင်ရာပညာရှင် Professor James HB Kong တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ပထမအကြိမ် မြန်မာနိုင်ငံအရေးပေါ်ကုသမှု ဆေးပညာရှင်များညီလာခံကို ဇူလိုင် (၂၀) ရက်မှ (၂၁) ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ညီလာခံတွင် ပါမောက္ခများ၊ အရေးပေါ်ကုသမှု ဆေးပညာရှင်များ၊ အရေးပေါ်သူနာပြုစုမှုပညာရှင်များက နှီးနှောဖလှယ်မှုများ၊ တင်ပြဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခများ၊ အရေးပေါ် ကုသမှုဆေးပညာရှင်များ၊ အရေးပေါ်သူနာပြုစုမှုပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ဧည့်ရိပ်သာတွင် မြန်မာနိုင်ငံဆရာဝန်အသင်း၊ အထွေထွေရောဂါကုဆရာဝန်များအဖွဲ့မှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆရာဝန်အသင်း၊ အထွေထွေရောဂါကုဆရာ ဝန်များအဖွဲ့ နာယကဒေါက်တာတင်အေး၊ ဥက္ကဋ္ဌဒေါက်တာခိုင်စိုးဝင်းနှင့် လာရောက်တွေ့ဆုံသူများက အထွေထွေရောဂါကုဆရာဝန်များ၏ ကျွမ်းကျင်မှုပိုင်းဆိုင်ရာနှင့် ဆေးကုသမှုပိုင်းဆိုင်ရာ အရည်အသွေးစဉ်ဆက်မပြတ် မြင့်မားစေရေးအတွက် မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ ပညာရပ်ဆိုင်ရာ စဉ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးစေရေး လမ်းညွှန်စာအုပ်ကို ပြုစုထားရှိမှုနှင့် ဆက်လက်ထုတ်ဝေရန် စီစဉ်ဆောင်ရွက်ထားရှိမှု၊ ပညာရှင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် လူတိုင်းလက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှုစနစ်အား ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ပိုမိုအရည်အသွေးပြည့်ဝစွာနှင့် ကျယ်ပြန့်စွာ လွှမ်းခြုံမှုပေးနိုင်မည့်ကိစ္စ၊ ဝန်ထမ်းမဟုတ်သော အထွေထွေရောဂါကုဆရာဝန်များ တက်ရောက်နိုင်သည့် မိသားစုကျန်းမာရေးစောင့်ရှောက်မှု ဆေးပညာဒီပလိုမာသင်တန်းများ သင်ကြားဆောင်ရွက်နေမှု၊ မိသားစုကျန်းမာရေး စောင့်ရှောက်မှု ဆေးပညာမဟာဘွဲ့အား ဆေးတက္ကသိုလ်များနှင့်ပူးပေါင်း၍ သင်တန်းများ လက်တွေ့ဖွင့်လှစ်သင်ကြားနိုင်ရန် လုပ်ငန်းကော်မတီဖွဲ့စည်းဆောင်ရွက်နေမှု၊ ၂၀၂၀ ပညာသင်နှစ်အတွင်း အဆိုပါမဟာဘွဲ့သင်တန်းများ အမြန်ဖွင့်လှစ်နိုင်ရေး စီစဉ်ထားရှိမှုနှင့် ဝန်ကြီးဌာနမှ ပံ့ပိုးပေးရန်လိုအပ်မည့်အချက်များ၊ ကမ္ဘာ့မိသားစုကျန်းမာရေး စောင့်ရှောက်ရေး ဆေးပညာရှင်များအဖွဲ့၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ကွန်ဖရင့်နှင့် အာဆီယံဒေသ ဆိုင်ရာပဏာမ ကျန်းမာရေးစောင့်ရှောက်သူများ ကွန်ဖရင့်တို့ကို (၂၀၂၁) ခုနှစ်တွင် မြန်မာနိုင်ငံ၌ လက်ခံကျင်းပသွားရန် စီစဉ်ပြီးဖြစ်၍ ဝန်ကြီးဌာနမှ ပံ့ပိုးပေးနိုင်မည့်ကိစ္စ၊ ဝန်ထမ်းမဟုတ်သည့် အထွေအထွေရောဂါကုဆရာဝန်များမှ ဆေးရုံများသို့ လူနာညွှန်းပို့ ကုသမှုစနစ် ခိုင်မာအားကောင်းစွာ ပေါ်ထွန်းလာရေးနှင့် အပြန်အလှန် ညွှန်းပို့မှုစနစ် ယခုထက်ပိုမို လက်တွေ့ကျစွာဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအား တင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက အထွေထွေရောဂါကုဆရာဝန်များအတွက် စဉ်ဆက်မပြတ် ဆေးကုသမှုအရည်အသွေးနှင့် စွမ်းဆောင်ရည် တိုးတက်စေရေးလုပ်ငန်းများ နှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆေး ကောင်စီနှင့် မြန်မာနိုင်ငံဆရာဝန်အသင်းတို့ ပူးပေါင်း၍ (၂၀၂၀) ပြည့်နှစ်တွင် ဆောင်ရွက်နိုင်ရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများ စတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ကောင်းမွန်ခြင်းနှင့် အဆင့်အတန်းမြင့်မားခြင်းသည် နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် အထွေအထွေရောဂါကုဆရာဝန်များ၊ မိသားစုကျန်းမာရေး စောင့်ရှောက်မှုဆေးပညာရှင်များ၊ ပဏာမကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များပါဝင်သည့် ပဏာမကျန်းမာရေး စောင့်ရှောက်မှု (Primary Care) လုပ်ငန်းများ၏ အရည်အသွေးကောင်းမွန်မှု၊ ကျယ်ပြန့်စွာ လွှမ်းခြုံဆောင်ရွက်နိုင်မှု၊ ပြည်သူ့ဆေးရုံကြီးများနှင့် လူနာများ အပြန်အလှန်ညွှန်းပို့ခြင်း အပါအဝင် ထိရောက်စွာချိတ်ဆက်ဆောင်ရွက်နိုင်မှု၊ သက်ဆိုင်ရာကုသရေးနှင့် ပြည်သူ့ကျန်းမာရေး တာဝန်ရှိသူများနှင့် သတင်းအချက် အလက်များ အပြန်အလှန်ပေးပို့ဖလှယ်နိုင်မှု စသည့်အချက်များပေါ်တွင် များစွာမူတည်နေသဖြင့် ၎င်းလုပ်ငန်းများကို ဆောင်ရွက်နေကြသည့် အထွေအထွေရောဂါကုဆရာဝန်များ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးပါကြောင်း၊ မိသားစုဆေးပညာမဟာဘွဲ့ (Master in Family Medicine) သင်တန်းများ ဖွင့်လှစ်သင်ကြားနိုင်ရေး အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် အထိရောက်ဆုံး ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း။
အထွေထွေရောဂါကုဆရာဝန်များ၏ စွမ်းဆောင်ရည်မြှင့်တင်မှုလုပ်ငန်းများ၊ ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုကောင်းမွန် တိုးတက်စေရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်းနှင့် ဝန်ကြီးဌာနမှ အတတ်နိုင်ဆုံးပူး ပေါင်းဆောင်ရွက်၍ ထိရောက်သော ပံ့ပိုးမှုများပေးအပ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
သတင်းစဉ်


