ရန်ကုန် ၂၁ ဇူလိုင် 
မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းနိုင်ရေးအတွက် အဆိုပြုစာတွဲ မူကြမ်းအား UNESCO ကမ္ဘာ့အမွေအနှစ်စင်တာ (World Heritage Center) သို့ တင်သွင်းနိုင်ရေးအတွက် ပြည်တွင်းပြည်ပ ပညာရှင်များနှင့် အပြီးသတ်ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့တွင် လှိုင်မြို့နယ်ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ရန်ကုန်ဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 
အစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက “မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသ”ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရန် အဆိုပြုစာတွဲမူကြမ်းကို ယနေ့တက်ရောက်လာကြသည့် ပြည်တွင်းပြည်ပ ပညာရှင်များ၊ လူမှုအဖွဲ့အစည်းများအနေဖြင့် ပြင်ဆင်ဖြည့်စွက် အတည်ပြုပေးရန် လိုအပ်သဖြင့် အကျေအလည်ဆွေးနွေးပေးကြရန် တိုက်တွန်းလိုကြောင်း၊ မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးအတွက် စာတွဲရေးသားတင်ပြမှုကို အချိန်မီတင်ပြနိုင်ရေး စာတွဲပါ အချက်အလက်များ၊ သမိုင်းကြောင်းများ မှန်ကန်စေရေးအတွက် ပညာရှင်များ၊ ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်း၍ စိစစ်ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီး ဦးကျော်အေးသိန်းက မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးအတွက် ဆောင်ရွက်ခဲ့သည့်အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထားရှိမှု၊ ရခိုင်ပြည်နယ်အစိုးရအနေဖြင့် စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေး၊ ရန်ပုံငွေနှင့်ဒေသတွင်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင်ဖြည့်ဆည်းပေးနေမှုများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တက်ရောက်လာကြသည့် ပြည်တွင်းပြည်ပ ပညာရှင်များ၊ ကော်မတီ၊ ဆပ်ကော်မတီဝင်များက အဆိုပြုစာတွဲမူကြမ်း Nomination Dossier (draft) တွင် ပါဝင်သည့် အခန်းများအလိုက် အသေးစိတ် ဆွေးနွေးကြရာ အဆိုပြုစာတွဲ အပြည့်အစုံ တင်သွင်းနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 
သတင်းစဉ်