ထန်တလန် ၂၂ ဇူလိုင်
ချင်းပြည်နယ် မြောက်ပိုင်း ဟားခါးခရိုင် ထန်တလန်မြို့တွင် မြို့တွင်းလမ်းများ မီးလင်းရေးအတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေမြင့်၏ ဦးဆောင်မှုဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊ စေတနာရှင်ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် မြို့တွင်းလမ်းများ မီးလင်းရေးကို ကိုယ်ထူကိုယ်ထ ဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါမြို့တွင်းလမ်းများ မီးလင်းရေးဆောင်ရွက်ရာတွင် (LED) လမ်းမီးတစ်လုံးလျှင် တန်ဖိုး ကျပ်တစ်သိန်းငါးသောင်းဖြင့် အကုန်အကျခံကာ လှူဒါန်းရရှိငွေ စုစုပေါင်း ကျပ် ၁၇၈၅၀ဝ၀ဝ ဖြင့် (LED) မီးအလုံးရေ တစ်ရာတစ်ဆယ့်လေးလုံးကို တပ်ဆင်ထားခြင်းဖြစ်ကြောင်း သိရသည်။
ဤသို့ လမ်းမီးများတပ်ဆင်ထားခြင်းကြောင့် မြို့ပေါ်နေပြည်သူများမှာ ညနေမှောင်ရီပျိုးစအချိန်၌ မိမိတို့၏ ကျန်းမာရေးအတွက် မိသားစုလိုက်သော်လည်းကောင်း၊ သူငယ်ချင်းအပေါင်းအသင်းများနှင့် သော်လည်းကောင်း၊ အစုလိုက်အဖွဲ့လိုက် လမ်းလျှောက်ကာ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ပြုလုပ်နေကြသည်မှာ မြို့၏ဆောင်ပုဒ်ဖြစ်သော "မချမ်းသာသော်လည်း ပျော်ပါသည်" နှင့်အညီ သာယာကြည်နူးဖွယ် ကောင်းလှကြောင်း သတင်းရရှိသည်။
Ngaih mang (ပြန်/ဆက်)


