ဂန့်ဂေါ ၂၂ ဇူလိုင်
ဂန့်ဂေါမြို့နယ်အတွင်း ဒေသရေမြေရာသီဉတုနှင့်ကိုက်ညီပြီး စီးပွားရေးတွက်ခြေကိုက်မည့် ဈေးကွက်ဝင် အမယ်သစ်သီးနှံများ စိုက်ပျိုးလျက်ရှိကြရာ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများထံ သွားရောက်ကွင်းဆင်းကာ ပညာပေးစည်းရုံး ဆောင်ရွက်လျက်ရှိကြသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ဇူလိုင် ၂၁ ရက် နေ့လယ်ပိုင်းက ဂန့်ဂေါခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းသန့်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမြင့်ဇော်နှင့် ဝန်ထမ်းများသည် ဂန့်ဂေါမြို့နယ်၊ မင်းရွာကျေးရွာ၊ ချောင်းနက်ကျေးရွာနှင့် စင်ပုံကျေးရွာတို့ရှိ အမယ်သစ်သီးနှံ နဂါးမောက်၊ လျှော်ဖြူ၊ စိန်တလုံးသရက်နှင့် စပျစ်သီးနှံ စိုက်ခင်းများသို့ ကွင်းဆင်းကြည့်ရှုပြီး တောင်သူများအား စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ ဆွေးနွေးအကြံပြုခဲ့ကြသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စာရင်းကောက်ယူရရှိမှုအရ ဂန့်ဂေါမြို့နယ်အတွင်း အမယ်သစ် သီးနှံများဖြစ်သည့် လျှော်ဖြူကို စိုက်ဧက ၁၃၀ ဧကကျော်နှင့် နဂါးမောက်သီးနှံကို စိုက်ဧက ၂၀ ဧကကျော် စိုက်ပျိုးထားပြီး စပျစ်သီးနှံ ဝ.၅၀ ဧကကို မင်းရွာကျေးရွာတွင် တောင်သူ ဦးသက်တင်ဦးမှ ယခုနှစ်တွင် စမ်းသပ်စိုက်ပျိုးထားကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


